အောက်တိုဘာလ (၂၁) ရက်။
ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဂါဇာရှိ ဘေလာဟီယာကို အောက်တိုဘာလ ၁၉ ရက်နေ့ညက အဆောက်အအုံအများအပြားကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၈၇ ဦး သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာန၏ အဆိုအရ လက်ရှိအချိန်အထိ ရုပ်အလောင်း ၂၇ လောင်းကို ရရှိထားပြီး ကျန် ၆၀ ဦးကို အပျက်အစီးများအောက်တွင် မြှုပ်နှံထားကြောင်း သိရသည်။ လူ ၄၀ ကျော် ဒဏ်ရာရခဲ့ပြီး အချို့မှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်ဟု ဖော်ပြထားသည်။
အလွန်ဆိုးရွားသော အခြေအနေကို ပြသသည့် ရုပ်သံဖိုင်၌ သေဆုံးသူများထဲတွင် ကလေးငယ်များစွာ ပါဝင်ပြီး အများအပြားမှာ ဒဏ်ရာပြင်းထန်ကြောင်း ပြသထားသည်။ အခြားရုပ်သံတွင် ဆေးရုံရှိ အလောင်းအိတ်များနှင့် ဝမ်းနည်းပူဆွေးနေသော ဆွေမျိုးများကို ပြသထားသည်။
အောက်တိုဘာလ (၂၀) ရက်နေ့ မနက်ပိုင်းက အခင်းဖြစ်ပွားရာနေရာမှ အမည်မသိအမျိုးသားတစ်ဦးက အဆိုပါပျက်စီးသွားသည့် နေအိမ်လေးလုံးတွင် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လာသူများ နေထိုင်နေကြောင်း ပြောပြခဲ့ပြီး ၎င်းတို့သည် အရပ်သားများဖြစ်သည်ဟု ဆိုကာ စစ်ပွဲရပ်တန့်ရန် နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုခဲ့ကြသည်။
CNN သည် ယခုတိုက်ခိုက်မှုနှင့် ပတ်သက်၍ အစ္စရေးစစ်တပ်ထံမှ မှတ်ချက်ပေးရန် ထပ်မံတောင်းဆိုခဲ့သည်။ အစောပိုင်းတွင် အစ္စရေးစစ်တပ်သည် လူ ၇၃ ဦး သေဆုံးခဲ့ကြောင်း ဂါဇာအာဏာပိုင်များ၏ အစီရင်ခံစာများကို ငြင်းဆိုခဲ့ပြီး ၎င်းတို့သည် ပုံကြီးချဲ့ပြီး ပြောနေသည်ဟု ပြောဆိုခဲ့ပြီး စစ်ရေးပစ်မှတ်များကို တိကျစွာ ပစ်မှတ်ထားလုပ်ဆောင်နေသည်ဟု ပြောဆိုခဲ့သည်။
Kamal Adwan ဆေးရုံမှ ဒါရိုက်တာက လူအများအပြား သေဆုံးဒဏ်ရာရပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ရသော်လည်း ဆေးရုံတွင် ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် ထောက်ပံ့ရေးပစ္စည်းများ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရကြောင်း CNN သို့ ပြောကြားခဲ့သည်။ ဆေးရုံညွှန်ကြားရေးမှူး၏ ပြောကြားချက်အရ ဒဏ်ရာရသူများသည် ကုသမှု မခံယူနိုင်ခြင်းကြောင့် အသက်ဆုံးရှုံးနိုင်ခြေများကြောင်း သိရသည်။
အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က လေကြောင်းတိုက်ခိုက်မှုအပေါ် အလွန်ကြောက်ရွံ့စရာကောင်းကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ဂါဇာတွင် အိပ်မက်ဆိုးများ ပိုမိုပြင်းထန်လာနေသည်ဟု ပြောကြားခဲ့သည်။ ပဋိပက္ခများ၊ အစ္စရေး၏ တိုက်ခိုက်မှုများနှင့် ပိုမိုဆိုးရွားလာသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကြားတွင် ဂါဇာမြောက်ပိုင်းတွင် ပျံ့နှံ့နေသည့် ကြောက်မက်ဖွယ်မြင်ကွင်းများကို အထူးသံတမန်က ထောက်ပြခဲ့သည်။ “အရပ်သားတွေကို ဘယ်နေရာပဲရောက်ရောက် မဖြစ်မနေ အကာအကွယ်ပေးရမယ်” ဟု ၎င်းက ဆိုသည်။
ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာန၏ အဆိုအရ ယမန်နှစ် အောက်တိုဘာ ၇ ရက်က အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်အဖွဲ့ ဝင်ရောက် စီးနင်းမှုနောက်ပိုင်း ဂါဇာတွင် လူပေါင်း ၄၂,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ။
ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဂါဇာရှိ ဘေလာဟီယာကို အောက်တိုဘာလ ၁၉ ရက်နေ့ညက အစ္စရေးတို့ တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများကို ပါလက်စတိုင်းတို့ ကြည့်ရှုနေစဉ်။/အောက်တိုဘာ ၂၀ ရက်/Islam Ahmed/AFP/Getty Images ၊