နိုဝင်ဘာလ (၆)ရက်။
နိုဝင်ဘာလ (၄)ရက်နေ့ ညပိုင်းအချိန်က ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဆရာဦးဝင်းဌေးအပါအဝင် မိသားစုဝင် (၃)ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဆရာဦးဝင်းဌေးဟာ တပုန်းကျေးရွာနေအိမ်မှာ ဇနီးဖြစ်သူ ဒေါ်ခြိမ့်ခြိမ့်သဲဝေနဲ့ (၃)လအရွယ်သမီးငယ် မရွှေဝတ်ရည်လွှာတို့နဲ့အတူ ရက်ရက်စက်စက် မတရား သတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
တိုင်းပြည်ကောင်းကျိုး၊ ဒေသကောင်းကျိုးအတွက် ကိုယ်ကျိုးမဖက်ဘဲ ဆောင်ရွက်နေတဲ့ ဆရာဦးဝင်းဌေးနဲ့ သူ့ရဲ့မိသားစုကို အခုလို တရားလက်လွှတ် သတ်ဖြတ်ခဲ့တဲ့ ဘယ်သူ့ကိုမဆို ကန့်ကွက်ရှုတ်ချတယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး NUG ပညာရေးဝန်ကြီးဌာနအနေနဲ့ အမှန်တရားဘက်က ရပ်တည်ပြီး ဖြစ်စဉ်ကို အသေးစိတ်မှတ်တမ်းတင်ကာ သတ်ဖြတ်ခံရသူတွေ တရားမျှတမှုရရှိဖို့ ထိထိရောက်ရောက် ကြိုးပမ်းသွားမယ်လို့ ကတိပြုပြောဆိုထားပါတယ်။
သတ်ဖြတ်ခံရတဲ့ ဦးဝင်းဌေးဟာ တပုန်းကျေးရွာမှာ အိမ်ငှားနေထိုင်သူဖြစ်ပြီး အောက်တိုဘာလ (၂၀)ရက်က သူ့ရဲ့သမီးငယ် ရက်တစ်ရာပြည့်ခဲ့တာလို့ ဒေသခံတွေက ပြောဆိုထားပါတယ်။
ဒါ့အပြင် တပုန်းကျေးရွာဟာ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဒေသတစ်ခုဖြစ်ပြီး ပျူစောထီးအချို့လဲရှိတယ်လို့ ဒေသတွင်းသတင်းတွေရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။