နိုဝင်ဘာလ (၁၅)ရက်။
မနေ့က နံနက် (၇)နာရီခန့်က မုံရွာမြို့ပေါ်ရှိ ရန်ကင်းမီးပွိုင့်မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီရဲတွေကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မုံရွာမြို့နယ်ပလဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ကျောက္ကာလမ်းမ ရန်ကင်းမီးပွိုင့်မှာ လုံခြုံရေးယူနေတဲ့ ရခ(၂)ကောင်ကို တိုက်ခိုက်ချေမှုန်းခဲ့တာပါ။ အဲ့ဒီ ရခ (၂)ကောင်ကိုလဲ သုတ်သင်ရှင်းလင်းခဲ့ပြီး သေနတ်တစ်လက် သိမ်းဆည်းရမိခဲ့တယ်” လို့ ဆိုပါတယ်။
မီးပွိုင့်မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီရဲတွေ တိုက်ခိုက်ခံရတာကြောင့် ဒုအရာခံဗိုလ်တစ်ဦးနဲ့ ရဲတပ်သားတစ်ဦး သေဆုံးခဲ့ပြီး BA.63 (ခ) G3 တစ်လက် သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ခိုက်ခံရပြီးနောက် ရန်ကင်းဘုန်းကြီးကျောင်းထဲ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်တွေက စစ်ကူပစ်ပေးခဲ့တာကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းခဲ့ရာ စစ်ကောင်စီဘက်က (၄)ဦး သေဆုံးခဲ့တယ်လို့ ပြောဆိုထားပါတယ်။
စစ်ဆင်ရေးကို မုံရွာမြို့နယ်ပလဖနဲ့ Kaung Kin Local PDF(ဒီပဲယင်းမြို့နယ်)အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။