နိုဝင်ဘာလ (၁၆)ရက်။
မနေ့က ညနေ (၄)နာရီဝန်းကျင်ခန့်က မိုးမောက်မြို့၊ ကုန်းလောရွာရှိ ခရစ်ယာန်ဘုရားကျောင်းဝင်းထဲက စစ်ရှောင်စခန်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတယ်လို့ KIA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ညနေ (၄)နာရီလောက် ကုန်းလောရွာ စစ်ရှောင်စခန်းကို တိုက်လေယာဉ်နဲ့ ဗုံးကြဲသွားတာ၊ စစ်ရှောင်စခန်းကော ခရစ်ယာန်ဘုရားကျောင်းကော ထိတယ်။ သေဆုံးတဲ့အထဲမှာ မိသားစုလိုက် ပါသွားတာရှိတယ်” လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုထားပါတယ်။
စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ကုန်းလောရွာရှိ စစ်ရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် (၉)ဦးသေဆုံးခဲ့ပြီး (၁၁)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးခဲ့တဲ့ အမျိုးသား၊ အမျိုးသမီး အရေအတွက်ကို မသိရသေးဘဲ ခရစ်ယာန်ကျောင်းအပါအဝင် စစ်ရှောင်စခန်းလဲ ထိမှန်ပျက်စီးခဲ့ကာ အသေးစိတ်ကိုတော့ မသိရသေးပါ။
အခုလို စစ်ရှောင်စခန်းနဲ့ ခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဟာ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ရှောင်စခန်း ဗုံးကြဲခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ထုတ်ပြန်ထားတာမရှိဘဲ အခု (၁၀)လတာထဲ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် နိုင်ငံတဝန်း အရပ်သား (၅၀၀)ကျော် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။