နိုဝင်ဘာလ (၁၆)ရက်။
မနေ့က တန်ဆောင်မုန်းလပြည့်နေ့ညမှာ ရန်ကုန်နဲ့ မန္တလေးအပါအဝင် မြို့အများအပြားမှာ ပံ့သကူအလှူနဲ့အတူ တော်လှန်ရေးသတင်းစကား ဖြန့်ဝေတဲ့လှုပ်ရှားမှုကို ပြုလုပ်ခဲ့တယ်လို့ AJAY ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ပံ့သကူနဲ့အတူ ကိုတေဇာဆန်းနဲ့ ကိုနန်းလင်းတို့ရဲ့ ပြည်သူလူထုထံ ပေးပို့တဲ့ သတင်းစကားတွေကို ပူးတွဲဖြန့်ဝေတဲ့ လှုပ်ရှားမှုကို ရန်ကုန်နဲ့ မန္တလေးအပါအဝင် စစ်ကောင်စီထိန်းချုပ်တဲ့ မြို့တွေမှာ ပြုလုပ်ခဲ့ကြတာပါ။
အဲ့ဒီလှုပ်ရှားမှုထဲ “ ငုံ့မခံနဲ့ တုံ့ပြန်ကြ” ၊ မတရားမှုမှန်သမျှ ဆန့်ကျင်တော်လှန်ကြ” ၊ ” လက်နက်ကိုင်တော်လှန်ရေးကို ထောက်ခံကြိုဆိုကြ” နဲ့ “ မန္တလေးသားတွေ ထိကြလော့၊ လွတ်မြောက်ဖို့ ဓါးသွေးကြလော့” ဆိုတဲ့ စာတွေ ဖြန့်ဝေခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီး အားနည်းပြိုကြနေပြီဖြစ်တဲ့ စစ်အုပ်စုကို စစ်ရေးနည်းသာမက လူထုနည်းနဲ့ပါ ဖြိုချ အဆုံးသတ်ဖို့ အသင့်ပြင်ထားကြဖို့နဲ့ လူထုအားနဲ့စခဲ့တဲ့ နွေဦးဟာ လူထုအားနဲ့ အဆုံးသတ်ရမယ်လို့ ကိုနန်းလင်းက အသိပေးထားပါတယ်။
ဒါ့အပြင် လက်နက်မကိုင်ဘဲ တော်လှန်လို့ရတာ အများကြီးရှိပြီး စစ်ကောင်စီနဲ့ ပတ်သက်တာတွေကို ဘူးခံငြင်းပြီး “ ဘူးသပိတ်” မှာ ပါဝင်တော်လှန်ကြဖို့နဲ့ တော်လှန်ရေးခရီးက အတိုင်းအတာတစ်ခုအထိ ရောက်နေပြီလို့ ကိုတေဇာဆန်းကလဲ ပြောဆိုထားပါတယ်။
ပံ့သကူအလှူနဲ့ သတင်းစကားဖြန့်ဝေတာတို့ကို ပြည်သူနဲ့အတူ လူထုသပိတ်အင်အားစုတွေက ရန်ကုန်ရှိ မြို့နယ် (၁၀)မြို့နယ်ကျော်အပါအဝင် မန္တလေးတို့မှာ အရေအတွက် သောင်းနဲ့ချီပြီး လှုပ်ရှားခဲ့ကြတာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။