နိုဝင်ဘာလ (၁၇)ရက်။
အခုနှစ်ရက်တာထဲ ဖားဆောင်းမြို့ကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ (၄)ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဖားဆောင်း PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ဖားဆောင်းမှာ ကျန်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တေယ်လှန်ရေးတပ်ပေါင်းစုတွေက ဝန်းရံပိတ်ဆို့ပြီး တိုက်ခိုက်နေတာပါ။ အဲ့ဒါကြောင့် စစ်ကောင်စီဘက်က စစ်ကူမလာနိုင်ဘဲ ရတဲ့နေရာကနေ ခုခံနေတာ” လို့ ဆိုပါတယ်။
ဖားဆောင်းမြို့ကို စစ်ကောင်စီက နိုဝင်ဘာလ (၁၅)ရက်နေ့မှာ (၂)ကြိမ်နဲ့ (၁၆)ရက်နေ့မှာ (၂)ကြိမ် လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ သိရပြီး ထိခိုက်တဲ့အခြေအနေကိုတော့ ထုတ်ပြန်ထားတာမရှိသေးပါဘူး။
အခုအခါ ဖားဆောင်းမြို့သိမ်းတိုက်ပွဲအနေနဲ့ မြို့ထဲကျန်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဖားဆောင်းမြို့နယ် PDF နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေက ဝန်းရံပိတ်ဆို့ထားပြီး တိုက်ခိုက်နေတာလို့ ဖော်ပြထားပါတယ်။
အဖက်ဖက်ကနေ ဝန်းရံပိတ်ဆို့ခံထားရတဲ့ စစ်ကောင်စီတပ်ဟာ စစ်ကူတွေ လာရောက်နိုင်တာမရှိတဲ့အတွက် ရရာနည်းနဲ့ ခုခံကာကွယ်ဖို့ ကြိုးစားနေပြီး မြို့၊ ရွာနဲ့ ရပ်ကွက်တွေကို တိုက်ခိုက်နေတာလို့ ပြောဆိုထားပါတယ်။
အခုလို အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ နေရာတွေကို လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေတဲ့အတွက် ပြည်သူတွေ အသိ၊ သတိနဲ့ သွားလာနေထိုင်ဖို့ မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။