နိုဝင်ဘာလ (၁၉)ရက်။
နေပြည်တော်မှာပြုလုပ်တဲ့ ကျောက်မျက်ရတနာပြပွဲမှာ စစ်ကောင်စီဗဟိုဘဏ်က လက်ခံတဲ့ နိုင်ငံခြားငွေတွေနဲ့ ရောင်းချသွားမယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ကျောက်မျက်ရတနာတွေကို အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေ၊ မြန်မာကျပ်ငွေနအပါအဝင် စစ်ကောင်စီဗဟိုဘဏ်က လက်ခံတဲ့ နိုင်ငံခြားငွေတွေနဲ့ သတ်မှတ်ရောင်းချသွားမယ်လို့ ဆိုပါတယ်။
အခုပြပွဲမှာ ပုလဲအတွဲပေါင်း (၂၈၀)၊ ကျောက်မျက်အတွဲပေါင်း (၁၆၀)နဲ့ ကျောက်စိမ်းအတွဲပေါင်း (၄၈၀၀)တို့ကို အိတ်ဖွင့်တင်ဒါစနစ်နဲ့ ရောင်းချသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
မနေ့ကပြုလုပ်တဲ့ ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ခဲ့ပြီး ပြည်တွင်းပြည်ပက ကျောက်မျက်လုပ်ငန်းရှင် (၄၅၀၀)ကျော် လာရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမမှာ မနေ့က နိုဝင်ဘာလ (၁၈)ရက်နေ့ကစပြီး ပြုလုပ်ကာ နိုဝင်ဘာလ (၂၇)ရက်နေ့အထိ ရောင်းချသွားမှာဖြစ်တယ်လို့ ရေးသားထားပါတယ်။
အခုလိုရောင်းချတာဟာ နိုင်ငံအတွက် နိုင်ငံခြားငွေရရှိဖို့နဲ့ နိုင်ငံသားတွေအတွက် စီးပွားရေးအကျိုး ဖြစ်ထွန်းတာတွေ ရရှိစေဖို့ တူးဖော်ထုတ်လုပ်ထားတဲ့ ကျောက်မျက်ရတနာတွေကို ရောင်းချနိုင်ဖို့ ကျင်းပတာလို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။
NUG ကတော့ စစ်ကောင်စီကို အကျိုးပြုနေတဲ့ မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်အသင်းကို ဖျက်သိမ်းကြောင်း ကြေညာထားပြီး အရောင်းပြပွဲကနေ ရရှိတဲ့ငွေတွေက ပြည်သူကို ဗုံးကြဲဖို့နဲ့ သူတို့ကိုယ်ကျိုးအတွက်သာ အသုံးပြုတာဖြစ်တယ်လို့ ပြောဆိုထားချက်တွေအရ သိရပါတယ်။