နိုဝင်ဘာလ (၂၁)ရက်။
နိုဝင်ဘာလ (၁၁)ရက်နေ့ကစပြီး (၁၈)ရက်နေ့အထိ မြင်းခြံမြို့တောင်ဘက် (၅)မိုင်ခန့်အကွာက Myingyan Black Tiger ရဲ့ စစ်ကြောင်း(၃) စစ်ရေးလှုပ်ရှားနယ်မြေထဲကို စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ပွဲထဲ တော်လှန်ရေးတပ်တွေဘက်က ခုခံစစ်အနေနဲ့ တိုက်ခိုက်ခဲ့ရာ (၃)ရက်တာ ကြာမြင့်ခဲ့ပြီးနောက် ခဲယမ်းပြတ်တောက်သွားတာကြောင့် ပထမခံစစ်စည်းဖြစ်တဲ့ ကွမ်းစိုက်ကျေးရွာကနေ ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာလ (၁၅)ရက်နေ့ ည (၈)နာရီခွဲအချိန်မှာ စစ်ကောင်စီနဲ့ ဒုတိယအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နိုဝင်ဘာလ (၁၈)ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်ကောင်စီဘက်က လေကြောင်းနဲ့ (၅)ကြိမ်အပါအဝင် ခမရ(၁၅)ကနေ ဟောင်ဝှစ်ဇာ (၅)လုံးနဲ့ ပစ်ကူခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီ (၇)ရက်တာတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၂)ပွင့်ဗိုလ်အဆင့်ရှိသူအပါအဝင် စစ်ကောင်စီတပ်သား (၃၆)ဦး သေဆုံးခဲ့ပြီး (၄၃)ဦး ဒဏ်ရာရရှိခဲ့ကာ Myingyan Black Tiger ဘက်က ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
စစ်ကောင်စီတပ်တွေဟာ အခုအချိန်အထိ စစ်ကြောင်းထိုးနေပြီး Myingyan Black Tiger နဲ့ မဟာမိတ်တပ်ဖွဲ့တွေဘက်က ပြန်လည်ခုခံနေကာ စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
အဲ့ဒီ (၇)ရက်တာ ခုခံစစ်တိုက်ပွဲထဲ ပူးပေါင်းအားဖြည့်တိုက်ပွဲဝင်ကြတဲ့ Popa Guerilla Force(PGF)၊ Bright Star Group(BSG)၊ မြင်းခြံခရိုင်တပ်ရင်း(၁၊၂၊၃၊၄၊၇၊၈)၊ မြင်းခြံခရိုင်ပကဖ၊ နွားထိုးကြီးမြို့နယ်ပကဖ၊ အမှတ် (၈၁၅) PLA ၊ မြင်းခြံခရိုင်ဒရုန်းတပ်ဖွဲ့ (စွန်ရဲပြောက်ကျားတပ်)၊ SPY ပြောက်ကျားတပ်နဲ့ နှလုံးလှ လူမိုက်တပ်ဖွဲ့တို့ကို အထူးကျေးဇူးတင်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။