နိုဝင်ဘာလ (၂၁)ရက်။
ဒီကနေ့ ညနေ (၅)နာရီ (၁၀)မိနစ်အချိန်က ရန်ကုန်တိုင်း၊ မှော်ဘီမြို့ရှိ စစ်ကောင်စီလက်အောက်ခံ မြဝတီအသံလွှင့်ဌာနကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
Yangon Army ရဲ့ တစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ စစ်ကောင်စီလက်အောက်ခံ မြဝတီအသံလွှင့်ဌာနကို M79 လက်နက်ကြီးနဲ့ ၄၀မမ (၃)လုံး ထိထိရောက်ရောက် ပစ်ခတ်နိုင်ခဲ့တာလို့ ဆိုပါတယ်။
အခုလို စစ်ကောင်စီလက်အောက်ခံ မြဝတီအသံလွှင့်ဌာနကို ပစ်ခတ်ခဲ့တာမှာ ထိခိုက်ပျက်စီးတဲ့ အခြေအနေကိုတော့ ထုတ်ပြန်ပြောဆိုထားတာ မရှိသေးပါဘူး။
“ ညနေ (၅)နာရီကျော်လောက်က မှော်ဘီဘက်မှာ ပေါက်ကွဲတဲ့အသံ (၃)ကြိမ်လောက် ကြားလိုက်ရတယ်။ နေရာတော့သေချာမသိဘူး” လို့ မြို့နေပြည်သူတစ်ဦးက ပြောဆိုထားပါတယ်။
Yangon Army အနေနဲ့ နောက်ထပ်ပစ်မှတ်တွေကိုလဲ အကြမ်းဖက်စစ်အာဏာရှင် မပြုတ်မချင်း ဆက်လက်တိုက်ခိုက်ချေမှုန်းသွားမယ်လို့ အသိပေးထားပါတယ်။
ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ပတ်သက်တဲ့ နေရာတွေနဲ့ ဝေးဝေးနေထိုင်ပေးကြဖို့ မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။