နိုဝင်ဘာလ (၂၄)ရက်။
အခုတပတ်ထဲ တောင်ပိုင်းစစ်ဒေသမှာ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အရပ်သားပြည်သူ (၈)ဦး သေဆုံးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီထောင်ထားတဲ့ မြေမြုပ်မိုင်းကြောင့် လိပ်ပေါရွာမှာ ပြည်သူတစ်ဦး သေဆုံးခဲ့တာအပါအဝင် ကျေးရွာတွေထဲကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ ကျေးရွာတွေထဲကို လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ဗုံးသီးချတိုက်ခိုက်တာတွေကြောင့် ပြည်သူ (၂၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဖမ်းဆီးခံရသူ (၅၁)ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး ဖမ်းဆီးခံရသူအချို့ပါလာတဲ့ ပစ္စည်းတွေကို မတရားသိမ်းဆည်းပြီး ခြိမ်းခြောက်ငွေညှစ်ကာ ပြန်လွှတ်ပေးပေမယ့် အများစုကို ပြန်မလွှတ်ဘဲ အဓမ္မစစ်မှုထမ်းခိုင်းဖို့ ရည်ရွယ်နေတယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ သူတို့အထိနာလာတာနဲ့အတူ ပြည်သူတွေနေတဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ နေ့တိုင်းပြုလုပ်နေတယ်လို့ ပြောဆိုထားပါတယ်။
အခုတပတ်ထဲ စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ နေရာတွေကိုပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးသီးကြဲချတာ စုစုပေါင်း အကြိမ် (၄၀)ကျော် ဗုံးသီးအလုံးရေ (၁၀၀)ကျော်နဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။