နိုဝင်ဘာလ (၂၅)ရက်။
မနေ့ကစပြီး ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာ စစ်ကောင်စီက ညမထွက်ရအမိန့်ကို အချိန်ထပ်တိုး ထုတ်ပြန်ထားတယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
“ ကြေညာတာတော့ မနေ့ကညပိုင်းကထဲက အသံချဲ့စက်နဲ့ လိုက်အော်နေတာ။ ထုံးစံအတိုင်းပဲပေါ့ မြို့နယ်အေးချမ်းတည်ငြိမ်ရေးကို ပျက်ပြားအောင်လုပ်တယ်ဆိုပြီး ပြောတာ။ ညမထွက်ရတဲ့အချိန်က အခုက ည (၁၀)နာရီကနေ နံနက် (၃)နာရီအထိ” လို့ ဆိုပါတယ်။
စစ်ကောင်စီလက်အောက်ခံ မြို့နယ်ထွေ/အုပ်ရုံးက လှည်းကူးမြို့နယ်ထဲ အေးချမ်းတည်ငြိမ်တာကို ပျက်ပြားအောင် လုပ်ဆောင်သူတွေရှိတာကြောင့် ပုဒ်မ (၁၄၄) ညမထွက်ရအမိန့်ကို ကြေညာတာလို့ သိရပါတယ်။
စစ်ကောင်စီရဲ့ လှည်းကူးမြို့နယ် ညမထွက်ရအမိန့် ထုတ်ပြန်ကြေညာတာမှာ ည (၁၀)နာရီကနေ နံနက် (၃)နာရီအထိ သတ်မှတ်ထားပြီး လူ (၅)ဦးနဲ့အထက် စုဝေးတာတွေ မပြုလုပ်ကြဖို့ ညွှန်ကြားထားပါတယ်။
“ အရင်တုန်းက လှည်းကူးမှာ ညမထွက်ရအမိန့်က ည(၁၂)နာရီကနေ နံနက်(၄)နာရီဆိုပြီး သတ်မှတ်ထားတာ၊ အခုတခေါက်က ညမထွက်ရအမိန့်ကို အချိန်ထပ်တိုးပြီး သတ်မှတ်လိုက်တာ။ လှည်းကူးရဲစခန်းဗုံးပေါက်ပြီး အခုလို အမိန့်ကြေညာချက်ထွက်လာတာ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ဒုတိယအပတ်ထဲ လှည်းကူးမြို့မရဲစခန်းမှာ ဗုံးပေါက်ကွဲခဲ့ကာ စစ်ကောင်စီရဲတပ်ဖွဲ့ဝင် (၃)ဦး ထိခိုက်ဒဏ်ရာရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် အခုလို ညမထွက်ရအမိန့်ကို အချိန်ထပ်တိုး ထုတ်ပြန်လာတာလို့ သိရပါတယ်။