နိုဝင်ဘာလ (၂၆)ရက်။
နိုဝင်ဘာလ (၁)ရက်နေ့ကနေ (၂၅)ရက်အထိ နောင်ချိုမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား (၁၈)ဦးသေဆုံးပြီး (၃၄)ဦး ဒဏ်ရာရခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
TNLA ထန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ပြန်လည်ရရှိဖို့ စစ်ကောင်စီက လေကြောင်းအပါအဝင် လက်နက်ကြီးတွေနဲ့ နေ့တိုင်း ပစ်ခတ်တိုက်ခိုက်နေကာ အရပ်သားပြည်သူတွေအပါအဝင် နေအိမ်ထိခိုက်ပျက်စီးတာတွေ ရှိခဲ့ပါတယ်။
နိုဝင်ဘာလ (၂၄)ရက်နေ့ ည (၈)နာရီအချိန်ကလဲ နောင်ချိုမြို့ အင်ဝိုင်းရွာပေါ်ကို စစ်ကောင်စီတပ်က လက်နက်ကြီး (၂)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် သံဃာတော်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး ဒေသခံပြည်သူ (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာတွေ ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိရှိဖို့နဲ့ လူစုလူဝေးမလုပ်ဖို့အပါအဝင် လေကြောင်းရန် အသိပေးချက်တွေကို လိုက်နာဖို့ အသိပေးထားပါတယ်။
အခုအခါ TNLA အနေနဲ့ စစ်ဘေးဒဏ်ခံစားနေရတဲ့ ပြည်သူတွေရဲ့ အကျိုးကို ငဲ့ညှာတာအပါအဝင် တရုတ်ရဲ့ ကြားဝင်စေ့စပ်တာတွေကြောင့် စစ်ရေးတင်းမာတာတွေကို ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။