နိုဝင်ဘာလ (၂၈)ရက်။
မန္တလေးတိုင်း မတ္တရာနဲ့ သပိတ်ကျင်းမြို့တို့ကို အပြည့်အဝ ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ MDY-PDF ရဲ့ မနေ့က အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးခဲ့တဲ့ တပ်စခန်းတွေနဲ့ နယ်မြေတွေကို ပြန်လည်ရရှိဖို့ ကြိုးစားနေပေမယ့် အပြည့်အဝ ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။
မတ္တရာနဲ့ သပိတ်ကျင်းအပါအဝင် နောင်ချိုမြို့တို့မှာ MDY-PDF နဲ့ အကြမ်းဖက်စစ်ကောင်စီတို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဖော်ပြထားပါတယ်။
မနေ့က နံနက် (၉)နာရီကျော်အချိန်က တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ မတ္တရာမြို့၊ လက္ကောင်းကြီးရွာသစ်ရှိ ဓမ္မာရုံကို စစ်ကောင်စီက ဒရုန်းနဲ့ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ရေးသားထားပါတယ်။
စစ်ကောင်စီရဲ့ ဒရုန်းနဲ့ တိုက်ခိုက်တာကြောင့် ကိုရင်တစ်ပါးနဲ့ အမျိုးသမီးငယ် (၂)ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။
နောက်ပြီး အကြမ်းဖက်စစ်ကောင်စီဟာ စစ်ရှုံးလာတာနဲ့အတူ ပြည်သူကို ပစ်မှတ်ထားပြီး စစ်ရာဇဝတ်မှုတွေကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။