ဒီဇင်ဘာလ (၂)ရက်။
ဒီကနေ့ နံနက် (၅)နာရီကျော်အချိန်က ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ဎ/၁၃ရပ်ကွက်မှာ စစ်ကောင်စီရဲမှူးကားတစ်စီး ဖောက်ခွဲခံခဲ့ရတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။
“ (၅)နာရီ (၄၅)လောက် ပေါက်ကွဲသံကြားပြီး မီးသတ်ကားကော စစ်ကားတွေပါ ရောက်လာတာ။ သိရသလောက်ကတော့ ရဲမှူးတစ်ဦးရဲ့ကား ပေါက်ကွဲပြီး မီးလောင်တာလို့ပြောတယ်။ ကားကတော့ တစီးလုံးနီးပါးလောင်တာ။ ကျန်တာတော့ မသိရသေးဘူး” လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။
ရွှေပြည်သာမြို့ ဎ/၁၃ရပ်ကွက်ရှိ စစ်ကိုင်းလမ်းမှာ အဖြူရောင်ကားတစ်စီး ပေါက်ကွဲခဲ့ကာ အဲ့ဒီကားဟာ စစ်ကောင်စီရဲမှူးတစ်ယောက်ရဲ့ ကားဖြစ်ပြီး အသေးစိတ်ကိုတော့ မသိရသေးပါ။
“ ကားက ရဲမှူးကားဆိုတာတော့ သေချာတယ်။ ဘယ်သူဘယ်ဝါလို့ပဲ မသိသေးတာ။ အခုလိုဖြစ်ရင် စကစတွေက ဧည့်စာရင်းစစ်တာတွေ ဘာတွေ လုပ်ကြဦးမှာပေါ့။ အခုတောင် စာရင်းကောက်တာတွေရှိတယ်ကြားတယ်” လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီရဲမှူးကား ပေါက်ကွဲခဲ့ပြီးနောက် ရွှေပြည်သာမြို့နယ်မှာ ပြောက်ကျားစစ်ဆင်ရေးလှုပ်ရှားနေတဲ့ Black Tiger အဖွဲ့ကလဲ သူတို့လုပ်ဆောင်ခဲ့တယ်ဆိုတာကို လူမှုကွန်ရက်စာမျက်နှာမှာ နေ့လယ်ပိုင်းအချိန်က အသိပေးထားပါတယ်။
Black Tiger အဖွဲ့ရဲ့ ပြောဆိုချက်ထဲမှာတော့ ဖြစ်စဉ်အသေးစိတ်ကို ထုတ်ပြန်ထားတာ မရှိသေးသလို စစ်ကောင်စီဘက်ကလဲ တစုံတရာ သတင်းထုတ်ပြန်လာတာမျိုး မရှိဘူးလို့ သိရပါတယ်။