ဒီဇင်ဘာလ (၂)ရက်။
နိုဝင်ဘာလ (၃၀)ရက်နေ့ ညနေ (၆)နာရီခွဲအချိန်က အင်းစိန်ထောင်ထဲ သေဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုပြည့်စုံဦး ကျဆုံးခဲ့ရတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
သူဟာ အင်းစိန်ထောင်ကို ရောက်ရှိပြီးနောက် ကျောက်ကပ်ရောဂါနဲ့ အဆုတ်ရေဝိုင်းရောဂါတွေကို ခံစားခဲ့ရပြီး (၆)လအကြာမှာ ရောဂါပြင်းထန်လာကာ အခုလို ကျဆုံးခဲ့ရတာလို့ ဆိုပါတယ်။
ကိုပြည့်စုံဦးဟာ စစ်အုပ်စု အာဏာသိမ်းချိန် CDM တပ်သားအနေနဲ့ ၂၀၂၁ခုနှစ် မတ်လပိုင်းမှာ ပြည်သူ့ဘက် ကူးပြောင်းပြီး နိုင်ငံရေးလုပ်ငန်းတွေမှာ ပါဝင်ခဲ့ကာ ၂၀၂၂ခုနှစ် ဩဂုတ်လပိုင်းမှာ ဖမ်းဆီးခံခဲ့ရတာပါ။
သူ့ကို စစ်ကောင်စီရဲ့ သန်လျင်ရေတပ်က တပ်ပြေးပုဒ်မအပါအဝင် အခြားပုဒ်မတွေဖြစ်တဲ့ တပ်မတော်အက်ဥပဒေပုဒ်မ(၃၇)၊(၃၂)တို့နဲ့ ၂၀၂၃ခုနှစ် စက်တင်ဘာလမှာ သေဒဏ်အမိန်ချပြီး အင်းစိန်ထောင်ကို ပို့ခဲ့တာလို့ သိရပါတယ်။
ဒါ့အပြင် အခုနှစ် (၁၁)လတာကာလထဲ အကျဉ်းထောင်ထဲ ကျန်းမာရေးစောင့်ရှောက်မှု အလုံအလောက်မရတာကြောင့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ (၂၀)ဦး သေဆုံးခဲ့တယ်လို့ PPNM က ပြောဆိုထားပါတယ်။
အခုလို နိုင်ငံရေးအကျဉ်းသားတွေအပေါ် လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်တာ မပေးတာက အကျဉ်းဦးစီးဌာနအနေနဲ့ တဖက်လက်နဲ့ အသက်တွေကို သေအောင် ပိတ်ဆို့တားဆီး သတ်ဖြတ်နေတာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။