ယူကရိန်းနဲ့ မြန်မာ့တော်လှန်ရေးကို ချိန်ထိုးကြည့်ခြင်း။
ယူကရိန်းဟာသူ့ထက်အင်အားလည်းကြီး သူ့ကိုရုရှားနိုင်ငံထဲကိုသွတ်သွင်းထားပြီး ဆိုဗီယက်ပြည်ထောင်စုသမ္မတနိုင်ငံ (The Union of Soviet Socialist Republics- USSR) အဖြစ် ၁၉၂၂ ခုနှစ် မှ ၁၉၉၁ ခုနှစ်အထိ နှစ်ပေါင်းများစွာ ရုရှားတွေ လက်အောက်မှာ နိုင်ငံတခု အနေနဲ့မဟုတ်ဘဲ ရုရှားနိုင်ငံရဲ့အစိတ်အပိုင်းတခုအဖြစ် ရပ်တည်ခဲ့ရပါတယ်။ ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲသွားပြီးတဲ့နောက် ၁၉၉၁ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့မှာ လွတ်လပ်တဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ရုရှားအာဏာရှင် ဗလာဒီမာပူတင်က ရုရှားတို့ သိမ်းပိုက်စိုးမိုးထားတဲ့ နယ်မြေတွေကို သူ့စိုးမိုးမှုအောက်မှာ ပြန်ထားချင်ပါတယ်။ ရုရှားဟာ ဥရောပမှာ အကြီးဆုံးနိုင်ငံကြီးဖြစ်ပြီး ပူတင်လက်ထက်မှာ အရင်က ရုရှား ဘုန်းတန်ခိုးထွားတုံးကလို ဆိုဗီယက်ယူနီယံခေတ်ကို ပြန်လည်ရယူလိုပါတယ်။
ဒါကြောင့် ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက် လွတ်လပ်ရေး ရရှိသွားတဲ့ နိုင်ငံတွေက ရုရှားတွေ အင်အားပြန်ကောင်းလာရင် တချိန်ချိန်မှာ သူတို့နိုင်ငံတွေကို ပြန်လည်ကျူးကျော်ပြီးသိမ်းပိုက်လာမှာကို စိုးရိမ်ကြပါတယ်။ ဒီအထဲမှာ ယူကရိန်းနိုင်ငံလည်း ပါဝင်ပါတယ်။ ထင်တဲ့အတိုင်း ယူကရိန်းကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားတပ်တွေ ကျူးကျော် ဝင်ရောက်ခဲ့ပြီး ယူကရိန်းပိုင် ခရိုင်းမီးယားကျွန်းဆွယ်ကို သိမ်းပိုက်ခဲ့တယ်။ အဲ့ဒီနောက် ၈ နှစ်အကြာ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလမှာ ပူတင်က စစ်ကြေညာတာ မရှိဘဲ လုံးဝကျူးကျော်စစ်အဖြစ် ယူကရိန်းကို ထပ်မံကျူးကျော် နယ်ချဲ့လာခဲ့တဲ့အချိန်မှာ ယူကရိန်းတွေက ငုံ့မခံတော့ဘဲ အပြင်းအထန် ခုခံကာကွယ်ခဲ့ကြပါတော့တယ်။ ဒီတခါ ခရိုင်းမီးယားကျွန်းဆွယ်ကို လွယ်လွယ်ရလိုက်တဲ့ ပူတင်ဟာ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ပါဘူး။ ယူကရိန်းတွေရဲ့ သတ္တိရှိရှိခုခံမှုနဲ့ အနောက်နိုင်ငံတွေ အထူးသဖြင့် အမေရိကန်ရဲ့ ပံ့ပိုးမှုတွေကြောင့် ယူကရိန်းက သူ့ထက် အဆများစွာ လူအင်အား လက်နက်အင်အားသာတဲ့ ရုရှားကို ကြံကြံခံတိုက်နေခဲ့တာ ဒီနေ့အထိပဲ ဖြစ်ပါတယ်။
ရုရှားဖက်မှာ စစ်သားတွေ အသေအပျောက် အလွန်များပြားခဲ့သလို စစ်သားရှားပါးလာတဲ့အခါ စစ်မှုထမ်းဥပဒေတွေနဲ့ စစ်သားတွေစုဆောင်းတဲ့အတွက် ရုရှားနိုင်ငံပြင်ပကို ရုရှားလူငယ်တွေ ထွက်ပြေးခဲ့ကြသလို ယူကရိန်းမှာလည်း လူငယ်တွေ အသက် ၂၅ နှစ်အထက်တွေကို စစ်မှုထမ်းဖို့ ဆင့်ခေါ်ခဲ့ပြီး နိုင်ငံကို ကာကွယ်စေခဲ့ပါတယ်။ ယူကရိန်းစစ်သားတွေလည်း အများအပြား သေဆုံးခဲ့သလို တိုင်းပြည်လည်း ရုရှားရဲ့လေကြောင်းက လေယဥ်တွေ ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုတွေကြောင့် အပျက်အစီးများ တောင်ပုံရာပုံ ဖြစ်လာခဲ့ပါတယ်။ ယူကရိန်းတွေထဲမှာလည်း အဆင့်မြင့်နည်းပညာတတ်ကျွမ်းတဲ့ပညာရှင်တွေ အနုမြူဓါတ်အားပေးစက်ရုံကြီးတွေရှိတဲ့အပြင် ရေအားလျှပ်စစ်ပေးစက်ရုံတွေကိုလည်း ရုရှားက ဖျက်စီးခဲ့ပေမဲ့ ချက်ချင်းပြန်လည်တည်ဆောက်ကြပါတယ်။
ရုရှားက အလွန်အေးမြတဲ့ ဆောင်းရာသီမှာ အချိန်ကိုက် လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေကို တိုက်ခိုက်ဖျက်စီးပြီး ယူကရိန်းပြည်သူတွေကို အေးခဲသေစေဖို့ ဒုက္ခပေးခဲ့ပါတယ်။ ယူကရိန်းတွေက ကိုယ်တိုင်လုပ် ဒရုန်းတွေဖန်တီးပြီး ပြန်လည်ခုခံသလို မောင်းသူမဲ့ တိုက်ရေယဥ်တွေ တီထွင်ပြီး ရုရှား သိမ်းပိုက်ထားတဲ့ ခရိုင်မီးယားက ရုရှားသင်္ဘောတွေကို တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ယူကရိန်းသမတ ဇလန်းစကီးဟာ စိတ်ဓါတ်ကြံခိုင်သူတဦးဖြစ်ပြီး သူ့နိုင်ငံလိုအပ်ချက်ကို အနောက်နိုင်ငံတွေနဲ့ အမေရိကန်နိုင်ငံတွေကနေ အကူအညီတွေကို တစာစာအောက်ကျို့လို့တမျိုး အငြင်းအခုန်လုပ်လို့တမျိုး ကြိုးစားခဲ့ပါတယ်။ ဥရောပနိုင်ငံတွေနဲ့အမေရိကန်နိုင်ငံတို့ကို အသွားအပြန် ခရီးထွက်ပြီး လိုချင်တာကို ရအောင်တောင်းနိုင်ခဲ့တဲ့ ခေါင်းဆောင်းကောင်းတဦးလည်း ဖြစ်ပါတယ်။
Sky News ရဲ့သတင်းထောက်ချုပ် စတူးဝပ်ရမ်ဆီ (Stuart Ramsay)နဲ့ ယူကရိန်းသမတ ဗလာဒီမာဇလန်းစကီးတို့ တွေ့ဆုံးမေးမြန်းမှုက အလွန်စိတ်ဝင်စားစရာ ကောင်းသလို နွေဦးတော်လှန်ရေးအတွက် မှတ်သားစရာတွေလည်း ပါပါတယ်။ ဒါကြောင့် သူတို့နှစ်ဦးရဲ့ ပြောဆိုချက်တွေထဲက တချို့အချက် အလက်တွေကို ကောက်နှုတ်ပြီး မြန်မာနိုင်ငံ အခြေအနေနဲ့ ချိန်ထိုးစဥ်းစားနိုင်ဖို့ တင်ပြလိုပါတယ်။
ဇလန်းစကီးကို စတူးဝပ်ရမ်ဆီ (Stuart Ramsay) က မေးပါတယ်။ ခင်ဗျားမှာ စစ်သားတွေ အလုံအလောက်မရှိဘူး တချို့စစ်သားတွေလည်း စိတ်ဓါတ်ကျနေကြပြီ။ သင့်မှာ ဒီစစ်ကိုရှုံးနိုင်တဲ့ အခြေအနေရှိနေပြီလားလို့ မေးတဲ့အခါ ဇလန်းစကီးက နိုင်ငံခြားကနေ ယူကရိန်းအခြေအနေကို နားလည်သဘောပေါက်ဖို့ လိုပါတယ်။ အထူးသဖြင့် ယူကရိန်းရဲ့ မိတ်ဆွေတွေဖြစ်တဲ့ အမေရိကန်နဲ့ အနောက်ဥရောပနိုင်ငံ အီးယူတို့က သဘောပေါက် နားလည်ဖို့လိုပါတယ်။ ယူကရိန်းစစ်သားတွေရဲ့ စိတ်ဓါတ်အခြေအနေတွေက အမျိုးမျိုးကွဲ ပြားခြားနားကြပါတယ် တချို့က ပင်ပန်းနေကြပြီ၊ တချို့က ရုရှားတွေကို မုန်းတယ်။ သူတို့အားလုံးက စစ်ကို အမြန်ဆုံး အဆုံးသတ်ချင်နေကြတယ်။
တချို့က သူတို့အဖေတွေ အမေတွေ မိသားစုတွေကို ဆုံးရှုံးခဲ့ကြရတယ်၊ အိုးအိမ်တွေ ပျက်စီးကုန်တယ်။ ကလေးတွေ သေဆုံးကုန်ကြတယ်။ ဒါတွေကို နားလည်နိုင်ပါတယ်၊ ခင်ဗျားက မေးတယ် ကျွန်တော်ဟာ စစ်ရှုံးမှာကို ကြောက်နေသလားလို့ မေးတယ်။ ဒီစစ်အစကို ပြောရရင် ရိုးသားစွာ ပြောရရင် အလုံးစုံစစ်ပွဲကို လွန်ခဲ့တဲ့ ၃နှစ်က စခဲ့ကြတယ်။
လူတိုင်းက ကျွန်တော်တို့ ရှုံးမယ်လို့ ကျိမ်းသေပေါက် တွက်ခဲ့ကြတယ်။ ကျနော်တို့မှာ လူတွေနဲ့ပြောတဲ့အခါ ရိုးသားဖို့လိုတယ်။ ကျွန်တော်တို့မှာ လူအင်အားမများဘူး လက်နက်အင်အားလည်း မပြည့်စုံဘူး။ ရုရှားတွေလို အရာရာမှာ လူအင်အား လက်နက်အင်အားမပြည့်စုံဘူး။ စစ်တပ် အကြီးကြီးမရှိဘူး။ ကျွန်တော်ပြောမယ် အဓိကလက်နက်က ကျွန်တော်တို့ ပြည်သူတွေပဲ၊ ပြည်သူတွေထက် ဘယ်အရာမှ အရေးမကြီးဘူး။ သူတို့မှာ ဘာလက်နက်ရှိရှိ ဘယ်လိုနည်းပညာတွေပဲရှိရှိ အကုန်လုံးကို အသုံးချပြီး တိုက်ရမှာပဲ။ ကျွန်တော်တို့ပြည်သူတွေကို ဆုံးရှုံးလို့မရဘူး။ ကျွန်တော့်ပြည်သူတွေကို ဆုံးရှုံးသွားမှာကို ကျွန်တော် စိုးရိမ်တယ်။ ကျွန်တော် ကြောက်တယ်။ ပြည်သူတွေက အရေးကြီးပြီး ဒီစစ်ပွဲဟာ လွတ်လပ်ရေးအတွက်ပဲ။ ပြည်သူတွေ အပေါ်မှာပဲ မူတည်တယ်။
မြေအပေါ်မှာ မူမတည်ဘူး။ ကျွန်တော်မှာ မြေပိုင်နက်ရှိတယ်။ ပြည်သူရှိတယ်။ ကျွန်တော်တို့ သက်သက်ပဲ ပြည်သူမပါရင် ကျွန်တော်တို့ ရှုံးမှာပဲ၊ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်နဲ့ ယူကရိန်းရဲ့ ကံကြမ္မာကတော့ ပျောက်မှာမဟုတ်ဘူး။ ကျွန်တော်တို့စစ်ပွဲမှာ ရှုံးနိုင်တယ်။ နယ်မြေတွေ ဆုံးနိုင်တယ်။ ဒီနေ့ဟာ အန္တရာယ်များတဲ့အချိန်ပါပဲ၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ညီညွတ်ရေး တည်ဆောက်ရမယ်။ ဥရောပနဲ့ အမေရိကန်က ကျွန်တော်တို့ကို ဝန်းရံပြီးအလုံးစုံကို ကျော်ဖြတ်ရမယ်၊ စိတ်ပျက်စရာကောင်းမှုတွေ မတူကွဲပြားမှုတွေက ကျွန်တော်တို့ရဲ့ညီညွတ်ရေးကို ဖြိုခွဲနိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ ကမ္ဘာနဲ့ညီညွတ်နေမှုကို ဆုံးရှုံးသွားမှာကို ကြောက်ပါတယ်။ တကယ်လို့ ဆုံးရှုံးသွားခဲ့ရင် ကျွန်တော်တို့ အကုန်လုံးကို ဆုံးရှုံးသွားရတော့မှာပါ။ ဒါဟာအလွန် အန္တရာယ်များတဲ့ကိစ္စပဲ ဖြစ်ပါတယ်။
သတင်းထောက်က ပြန်မေးလိုက်တယ်။ ခင်ဗျားကဒီအချက်ကို လက်လွှတ်လိုက်ရတော့မယ်လိုထင်သလား။ ကမ္ဘာနဲ့ညီညွတ်မှုကို ဆုံးရှုံးရတော့မယ်လိုထင်ပါသလား။
ကျွန်တော်တို့က ဒီလိုဖြစ်ဖို့ သိပ်နီးကပ်တယ်လို့ မထင်ပါဘူး။ ယူကရိန်းက သူ့ကိုရင်ဆိုင် နိုင်တယ်၊ ပူတင်က လက်နက်အသစ်နဲ့ချိန်းခြောက်သလို နျူကလီးယားသုံးမယ်လို့လည်း ချိမ်းခြောက်တယ်။ ဒါက စစ်စဖြစ်ကထဲက သူပြောနေကြစကားတွေပါ။ ဒါကြောင့် ကမ္ဘာ့ခေါင်းဆောင်တွေက စိုးရိမ်ကြောက်လန့်ပြီး သူနဲ့ဆက်သွယ် စကားပြောလာကြတယ်။ သူတို့အဲဒီလို စကားပြောတာနဲ့ သူတို့ အသိုင်းအဝိုင်း အတွင်းမှာ ကွဲပြားကုန်တယ် နောက်အခြား ခေါင်းဆောင်တွေနဲ့ စကားပြောပြီး သဘောထားတွေ ကွဲပြားလာပြီး ညီညွတ်ရေးတွေ ပြိုကွဲအောင် သူတို့ကလုပ်ကြမှာဖြစ်တယ်။ ဥရောပနဲ့ ညီညွတ်ရေးကို ဖြိုခွဲလာတယ်။ ပူတင်ကတိရိစ္ဆန်တကောင်လို နားလည်တယ်။ သူဟာတကယ့် တိရိစ္ဆန်ပဲ လူသားတန်ဖိုးလုံးဝမရှိတဲ့ တိရိစ္ဆန်ပါပဲ။
ယူကရိန်းသမတ ဇလန်းစကီးရဲ့ အအပေါ်က ပြောကြားချက်တွေထဲမှာ မြန်မာနိုင်ငံနဲ့ ဖြစ်စဥ်တူညီမှု ရှိတာတွေ သင်္ခန်းစာယူစရာတွေ ရှိပါတယ်။ နှစ်နိုင်ငံစလုံးဟာ စစ်အင်အား အရာအားဖြင့် ရေတပ် လေတပ် ကြည်းတပ် အပြည့်အစုံရှိပြီး လက်နက်အပြည့်အဝ တပ်ဆင်ထားတဲ့ စနစ်တကျလေ့ကျင့်ထားတဲ့စစ်တပ်ကြီးကို ရင်ဆိုင်နေရတာဖြစ်တယ်။
ယူကရိန်းအနေနဲ့ အနောက်နိုင်ငံတွေနဲ့ အမေရိကန်က ဘယ်လောက် လက်နက်တွေ ထောက်ပံ့ပေးတယ်ဆိုပေမဲ့ အကန့်အသတ်နဲ့သာ ဖြစ်ပါတယ်။ မြန်မာတော်လှန်ရေးအင်အားစုတွေကတော့ ကိုယ်အားကိုယ်ကိုး ရှာဖွေတီထွင်တာတွေ မဟာမိတ် တော်လှန်ရေးအဖွဲ့တွေထံက ရရှိတာလေးတွေနဲ့သာ ခြစ်ချုပ်ပြီး တော်လှန်နေရတာဖြစ်တယ်။ ယူကရိန်းက အနောက်နဲ့ အမေရိကန် ထောက်ပံ့မှုကို မျှော်ရသလို မြန်မာက တိုင်းရင်းသား လက်နက်ကိုင်တွေကနေတဆင့် လက်နက်တွေ ရဖို့မျှော်နေရတာ ဖြစ်တယ်။
ဇလန်းစကီးက သူတို့အတွက် အဓိကလက်နက်က ပြည်သူပဲလို့ ပြောသွားတယ် ဒါဟာ သွေးထွက်အောင်မှန်တယ် ပြည်သူက ထောက်ခံနေသ၍ လက်နက်အင်အားချို့တဲ့နေရင်တောင်မှ တော်လှန်ရေးကတော့ ဆက်ရှိနေမှာ ဖြစ်တယ်။ လက်နက်ဘယ်လောက်ကောင်းကောင်းရှိရှိ၊ ပြည်သူက မထောက်ခံရင် ဘယ်လိုမှ မတိုက်နိုင်ဘူး။ ဒါကြောင့် ပြည်သူ ထောက်ခံမှုဟာ အရေးကြီးဆုံး ဖြစ်တယ်။ ပြည်သူတွေကို ဆုံးရှုံးသွားရင် တနည်းအားဖြင့် ပြောရမယ်ဆိုရင် ပြည်သူ ထောက်ခံမှု ကျဆင်းသွားရင် တော်လှန်ရေးဟာ အရှုံးနဲ့ရင်ဆိုင်ရမှာ ဖြစ်တယ်။
ယူကရိန်းစစ်ပွဲနဲ့နွေဦးတော်လှန်ရေးကရှေ့ဆင့်နောက်ဆင့်ပဲ နွေဦးကတနှစ်စောတယ် စစ်ကကြာရှည်လာတဲ့အခါ တော်လှန်ရေးသမားတွေ ပင်ပန်းနွမ်းနယ်လာကြတယ်။ စစ်ပွဲအတွင်း မိဘတွေညီအကိုမောင်နှမတွေ သားတွေသမီးတွေ အိမ်တွေယာတွေ ပျက်စီးခဲ့ရတာကြောင့် ယူကရိန်းမှာရော မြန်မာပြည်မှာပါ စစ်ကို အမြန်ပြီးချင်နေကြတယ်။ တနိုင်ငံစီ ခြားနေကြပေမဲ့ ခံစားချက်တွေက အတူတူပဲ ဖြစ်တယ်။
ယူကရိန်းကိုအမေရိကန်က တာဝေးပစ်ဒုံးပျံတွေသုံးဖို့ ခွင့်ပြုခဲ့တာကြောင့် ပူတင်က တုံ့ပြန်တဲ့အနေနဲ့ ဖိအားပေးဒုံးအသစ်နဲ့ တိုက်ခိုက်ပြီး နျူကလီးယားသုံးမယ်လို့ ချိန်းခြောက်တာကြောင့် ဂျာမဏီက ၂ နှစ်တိတိ စကားမပြောဘဲ နေခဲ့ရာက ပူတင်ကို လှမ်းဆက်သွယ်လာတယ်။ ဒါကို ဇလန်းစကီးက ဥရောပနဲ့ ယူကရိန်းညီညွတ်ရေးကို မပြိုကွဲဖို့ သတိပေးခဲ့တာကလည်း တရုတ်က မြောက်ပိုင်းညီနောင်တွေကို ဖိအားပေးရင်း တော်လှန်ရေး အရှိန်အဟုန်ကို လျော့ကျအောင် မြေပြန့်က တော်လှန်ရေးအဖွဲ့တွေနဲ့ ညီညွတ်ရေးရမှာကို ဖြိုခွဲနေတာတွေက သွားတူနေတယ်။ ဇလန်းစကီး ပြောသလို မြန်မာနိုင်ငံမှာလည်း အခုအချိန်ဟာ အလွန်အန္တရာယ်ကြီးတဲ့အချိန်ကို ရောက်နေတယ်။ MNDAA နဲ့ TNLAတို့က သူတို့အနေနဲ့ စကစနဲ့ဆွေး နွေးမယ်လို့ရှေ့ ဆင့်နောက်ဆင့် စာတွေထုတ်ပြန်လာတာ တရုတ်ဖိအားကြောင့် ဖြစ်တယ်။ ဇလန်းစကီးပြောသလို ညီညွတ်ဖို့လိုတယ် မညီညွတ်တော့ဘူးဆိုရင် ပြိုကွဲဖို့ ရှေးရှုလာနိုင်တယ်။
ယူကရိန်းကိုထောက်ခံနေတဲ့အမေရိကန်နိုင်ငံမှာ ထရန့်က သမတအဖြစ် တက်လာရင် သူက ရုရှားက သိမ်းထားနိုင်တဲ့နေရာကနေရပ်ပြီး ငြိမ်းချမ်းရေးစကားကို စပြောမယ်။ ယူကရိန်းအတွက် ဆုံးရှုံးသွားတဲ့ မြေနေရာတွေပြန်ရတာ မရတာထက် ရုရှားကို သိမ်းထားတဲ့နေရာကိုယူပြီး စစ်ပြေငြိမ်းဖို့ လုပ်ဆောင်လာမယ့်သဘောရှိတယ်။ ဒီလိုဖြစ်လာရင် ရုရှားက အနိုင်ရသွားတဲ့သဘောဖြစ်သွားနိုင်တယ်။
မြန်မာနိုင်ငံမှာလည်း တရုတ်က မြောက်ပိုင်း ၃ ဖွဲ့ကို လားရှိုး၊ နောင်ချို၊ သီပေါ၊ ကျောက်မဲတို့ကနေ ပြန်ဆုတ်ပြီး ငြိမ်းချမ်းရေးယူခိုင်းမဲ့ သဘောရှိတယ်။ စကစလုပ်တဲ့ ရွေးကောက်ပွဲကို အကောင်အထည်ဖော်ပြီး ညွန့်ပေါင်း အစိုးရ သဘောမျိုး ပုံသွင်းနိုင်တယ်လို့ မြင်တယ်။ NUG က အညာဒေသကို မစည်းလုံးနိုင်ရင် သူလဲပဲ သူ့အရင်ဖွဲ့ခဲ့တဲ့ NCGUB လို ပြည်ပမှာ ဇာတ်သိမ်းရတော့မယ်။ NUG ယာယီသမ္မတကြီး ဒူးဝါးလရှီးလ ပန်ကြားတာကို လိုက်နာပြီး ဝန်ကြီးတွေ နိုင်ငံခြားကနေ ပြန်လာပြီး အချိန်မီ NUG ကို ပြုပြင်ပြောင်းလဲ(Reform)လုပ်မလဲဆိုတာစောင့်ကြည့်ရင်း NUG အနေနဲ့ ရှင်သန်ထမြောက်လာမလား သူတို့ရဲ့ အရင်အစိုးရအဖွဲ့ NCGUB လို ချုပ်ငြိမ်းသွားမှာလားဆိုတာ မကြာခင် မြင်တွေ့ရမှာ ဖြစ်ပါတယ်။