ဒီဇင်ဘာလ (၅)ရက်။
မနေ့က နံနက် (၈)နာရီခွဲအချိန်ကစပြီး ခင်ဦးမြို့ပေါ်ရှိ ပြည်သူ့ဆေးရုံကြီးအနီးမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တို့အကြား မိနစ်(၃၀)ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့နယ်သတင်းမှန်ပြန်ကြားရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ဖြစ်တာက ဆေးရုံကြီးနားမှာ (၈)နာရီခွဲကနေ (၉)နာရီလောက်အထိ သံပြားကာကားတစ်စီးနဲ့ ထွက်လာတဲ့ စကစတပ်သားတွေနဲ့ မြိုပေါ် UG တွေပူးပေါင်းတဲ့ ကာကွယ်ရေးအဖွဲ့တွေ အပြန်အလှန်ပစ်ကြတာ။ စကစပစ်တဲ့ လက်နက်ကြီးက ကာကွယ်ရေးရဲဘော်တွေ စုရပ်ကို ကျသွားတော့ ထိခိုက်ကျဆုံးကြတာ” လို့ ဆိုပါတယ်။
အပြန်အလှန်ပစ်ခတ်တဲ့ဖြစ်စဉ်ထဲ စစ်ကောင်စီဘက်က ၆၀မမ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကာကွယ်ရေးရဲဘော်တွေရဲ့ စုရပ်အနီး ပေါက်ကွဲခဲ့ကာ တစ်ဦးကျဆုံးပြီး (၅)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လက်နက်ကြီးအစတွေထိမှန်ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ ကာကွယ်ရေးရဲဘော်တွေကို ဆေးကုသပေးနေပြီး ကျဆုံးသွားတဲ့ ရဲဘော်ကိုနွေဦးရဲ့ ဈာပနကို မနေ့က နေ့လယ် (၃)နာရီခွဲခန့်မှာ ပြုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
မနေ့က ခင်ဦးမြို့ပေါ် ပြည်သူ့ဆေးရုံကြီးအနီး ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်တာတွေမှာ စစ်ကောင်စီဘက်က ထိခိုက်တဲ့အခြေအနေကို မြို့နယ်သတင်းမှန်ပြန်ကြားရေးက ပြောဆိုထားတာမရှိသလို စစ်ကောင်စီဘက်ကလဲ ထုတ်ပြန်တာမရှိပါဘူး။
ပစ်ခတ်တာတွေဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဘက်က တပ်စွဲအခြေချထားတဲ့ ဆေးရုံကြီးမှာ Non-CDM ဆရာဝန်တွေနဲ့ ပူးပေါင်းပြီး မြို့ပေါ်က ကလေးတွေကို ကာကွယ်ဆေးထိုးဖို့ အတင်းအကြပ် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။