ဒီဇင်ဘာလ (၁၁)ရက်။
ဆီရီးယားလို မြန်မာမှာ အာဏာရှင်ခေါင်းဆောင်တွေ လက်မြှောက်အရှုံးပေးရအောင် အစိုးရတဖွဲ့လုံး အလုပ်နဲ့သက်သေပြဖို့ NUG ယာယီသမ္မတ ဒူးဝါလရှီးလက မနေ့ကပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။
“ အာရပ်နွေဦးတော်လှန်ရေးမှာ အာဏာရှင်ခေါင်းဆောင်တွေ ဘယ်လို လက်မြှောက်အရှုံးပေးသွားခဲ့ကြရတယ်ဆိုတာ ကျွန်တော်တို့အားလုံး သိထားပြီးဖြစ်မယ်လို့ ယူဆပါတယ်။ အခု ကျွန်တော်တို့ရဲ့ နွေဦးတော်လှန်ရေးမှာလဲ အာဏာရှင် စစ်ကောင်စီခေါင်းဆောင်တွေကို ပြည်သူလူထုဟာ အဆုံးသတ်နိဂုံးချုပ်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” လို့ ဆိုပါတယ်။
ဆီးရီးယားမှာ အာဏာရှင်သမ္မတ ဘာရှားအာဆတ် ပြုတ်ကျသွားပြီး တော်လှန်ရေးအင်အားစုတွေ အောင်ပွဲခံလိုက်တဲ့သတင်းဟာ မြန်မာနိုင်ငံအတွက် အားတက်စရာဖြစ်ကာ စစ်မှန်ပြီး လက်တွေ့ကျတဲ့ တော်လှန်ရေးတွေ တိုင်းဟာ အာဏာရှင်တွေကို အောင်ပွဲခံနိုင်မှာဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
“ အချိန်နဲ့ဒီရေဟာ လူကိုမစောင့်ဘူးဆိုတဲ့ စကားရှိပါတယ်။ တော်လှန်ရေး ဒီရေကလဲ ကျွန်တော်တို့ကို စောင့်နေမှာ မဟုတ်ပါဘူး။ လက်ရှိ နွေဦးတော်လှန်ရေးလှိုင်းလုံးဟာ ကျွန်တော်တို့ နိုင်ငံရဲ့ တော်လှန်ရေးသမိုင်းတွေထဲမှာ အကြီးမားဆုံးနဲ့ အကျယ်ပြန့်ဆုံးသော တော်လှန်ရေးလှိုင်းလုံးကြီးဖြစ်ပါတယ်” လို့ ယာယီသမ္မတက ဆက်ပြောပါတယ်။
တော်လှန်ရေးမှာ တင်းပြည့်ကျပ်ပြည့် ရှေ့ဆောင်ရှေ့ရွက် မပြုနိုင်ဘူးဆိုရင် လှိုင်းထဲမှာ မြုပ်သွားနိုင်ပြီး နွေဦးတော်လှန်ရေးလှိုင်းကြီးက အင်မတန်ကြီးမားပြင်းထန်တာကြောင့် လှေကြီးနစ်မြုပ်သွားနိုင်တယ်လို့လဲ သတိပေးထားပါတယ်။
ဒါ့အပြင် အခုအချိန်ဟာ ၂၀၂၄ခုနှစ် ကုန်တော့မှာဖြစ်တာကြောင့် ဝန်ကြီးဌာနတွေအနေနဲ့ ပြီးစီးတဲ့ လုပ်ငန်းဆောင်ရွက်တာတွေကြိ အစီရင်ခံတင်ပြဖို့နဲ့ လူထုရဲ့ အသက်သွေးချွေးနဲ့ ရင်းနှီးထားရတဲ့ တော်လှန်ရေးဖြစ်တာကြောင့် လုံ့လစိုက်ထုတ်ကြဖို့ ယာယီသမ္မတက တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။