ဒီဇင်ဘာလ (၁၂)ရက်။
မနေ့က ဇီးကုန်းမြို့နယ်မှာ ပေါ်တာဆွဲဖို့သွားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတွေရဲ့ ဆိုင်ကယ်ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ စကစနဲ့ ဘော်ဘင်ရွာပျူစောထီးအဖွဲ့က ဒိုးနွယ်ရွာကို ပေါ်တာဆွဲဖို့ ဆိုင်ကယ်တွေနဲ့သွားတဲ့အချိန် ရှေ့ထွက်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ” လို့ ဆိုပါတယ်။
စစ်ကောင်စီနဲ့ ဘော်ဘင်ရွာပျူစောထီးတွေ ဆိုင်ကယ်ယာဉ်တန်းနဲ့ ဒိုးနွယ်ရွာကို ပေါ်တာဆွဲဖို့ သွားတဲ့အချိန် မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က (၅)ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မိုင်းခွဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ စစ်ကောင်စီဘက်ကတစ်ဦး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့သလို ဆေးရုံအရောက်မှာတော့ (၂)ဦး ထပ်မံသေဆုံးခဲ့ကာ (၂)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အဲ့ဒီလိုတိုက်ခိုက်တာကို ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ (၂)ဖွဲ့ဖြစ်တဲ့ တပ်ရင်း(၃၈၀၁) တပ်ခွဲ(၃)၊ နတ်စစ်သည်နဲ့ BTZM GBK-PDF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။