ဒီဇင်ဘာလ (၁၃)ရက်။
၂၀၂၃ခုနှစ် ဇူလိုင်လကစပြီး ၂၀၂၄ခုနှစ် ဩဂုတ်လအထိ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီရဲ့ အကြမ်းဖက်တာတွေကြောင့် အရပ်သား (၉၅၈)ဦး သေဆုံးခဲ့တယ်လို့ Data for Myanmar ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
တစ်နှစ်ကျော်ကာလထဲ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီရဲ့ အကြမ်းဖက်တာတွေကြောင့် ထိခိုက်ဒဏ်ရာရသူ (၁၂၀၀)နီးပါးရှိခဲ့ပြီး ဩဂုတ်လထဲ စစ်ကိုင်းတိုင်းက မြို့နယ် (၁၅)ခုမှာ အရပ်သားသေဆုံးတာ (၄၉)ဦးနဲ့ ထိခိုက်ဒဏ်ရာရတာ (၇၈)ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်တာကြောင့် အရပ်သားသေဆုံးတာတွေဟာ စစ်ကိုင်းတိုင်းထဲ ကလေးခရိုင်၊ မုံရွာခရိုင်၊ ရွှေဘိုခရိုင်နဲ့ စစ်ကိုင်းခရိုင်တို့ဟာ အခြားခရိုင်တွေထက် သိသိသာသာ များပြားပြီး စုစုပေါင်း (၃၄၉)ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး အရပ်သားသေဆုံးတာရဲ့ (၉၅)ရာခိုင်နှုန်းဟာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ၊ လက်နက်ကြီး၊ ဒရုန်း၊ မိုင်းနဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် တစ်နှစ်ကျော်ကာလထဲ စစ်ကိုင်းမှု လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားသေဆုံးတာ (၁၄၀)ဦးနဲ့ ဒဏ်ရာရသူ (၂၃၆)ဦးရှိခဲ့တယ်လို့လဲ ပြောဆိုထားပါတယ်။
အရပ်သားသေဆုံးသူတွေထဲ အသက်(၁၈)နှစ်အထက် အမျိုးသား (၆၃)ရာခိုင်နှုန်းရှိကာ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ သေဆုံးခဲ့ရတဲ့ အဓိကအကြောင်းအရင်းက လက်နက်ကြီး၊ ဒရုန်း၊ မိုင်းနဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့်လို့ သိရပါတယ်။