ဒီဇင်ဘာလ (၁၃)ရက်။
တိုင်းစစ်ဌာန(ဧရာဝတီ)ကို ပြည်သူ့သားကောင်း စစ်သည်တော်တွေနဲ့ စစ်ကြောင်း၊ တပ်ရင်းနဲ့ ဗျူဟာတွေ အဆင့်ဆင့်နဲ့ ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်အသိပေးထားချက်အရ သိရပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာန၊ PDF၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲရဲ့ ကွပ်ကဲအုပ်ချုပ်မှုကို ခံယူပြီး တိုင်းစစ်ဌာန(ဧရာဝတီ)ကို ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
တိုင်းစစ်ဌာန(ဧရာဝတီ)အနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ချမှန်ထားတဲ့ သစ္စာဓိဋ္ဌာန်(၄)ချက်ကို မြဲမြံစွာ စောင့်ထိန်းပြီး အဆင့်ဆင့် အမိန့်ပေးကွပ်ကဲနာခံတာနဲ့ ကျင့်ဝတ်တွေကို လိုက်နာသွားမယ်လို့ ဖော်ပြထားပါတယ်။
တိုင်းစစ်ဌာန(ဧရာဝတီ)ရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့အတွက် ဧရာဝတီမြေကို ထိုးဖောက်ဝင်ရောက်ပြီး အောင်ပွဲတွေရယူနိုင်ဖို့ မဟာမိတ် EROs တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့ ရေးသားထားပါတယ်။
နောက်ပြီး စစ်ရေးတိုက်ပွဲသတင်းတွေ၊ ကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်တွေကို တရားဝင်ထုတ်ပြန်ဆောင်ရွက်နိုင်ဖို့နဲ့ ပြည်သူနဲ့ နီးကပ်စွာ ယုံကြည်ချိတ်ဆက်နိုင်ဖို့ Facebook page ကို ဖွင့်လှစ်ထားပြီးဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
တိုင်းစစ်ဌာန(ဧရာဝတီ)မှာ AA နဲ့ KNU တို့ဆီကနေ စစ်သင်တန်းဆင်းလာသူတွေလဲ ပါဝင်ပြီး ဧရာဝတီဘက်မှာ မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။