ဇန်နဝါရီလ (၆)ရက်။
လွတ်လပ်ရေးနေ့ လွတ်ငြိမ်းသက်သာခွင့်ထဲ နိုင်ငံရေးအကျဉ်းသား (၆၀၀)ခန့်ပါတယ်လို့ စစ်ကောင်စီက ပြောဆိုထားပေမယ့် မြေပြင်နဲ့ ကွာခြားနေတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။
လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ အကျဉ်းသား (၅၈၀၀)ကျော်ကို လွှတ်ပေးခဲ့တဲ့အထဲ ပုဒ်မ(၅၀၅)နဲ့ နိုင်ငံရေးအကျဉ်းသား (၆၀၀)ခန့် ပါဝင်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့ပါတယ်။
စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသား (၆၀၀)ခန့် ပါဝင်တယ်လို့ ပြောဆိုခဲ့ပေမယ့် PPNM အနေနဲ့ အကျဉ်းထောင် (၄၀)ကျော်ကို စောင့်ကြည့်ကောက်ယူခဲ့ရာ (၃၄၄)ဦးသာ လွတ်မြောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား (၃၄၄)ဦးထဲ အကျဉ်းသား (၂၀၈)ဦးနဲ့ အကျဉ်းသူ (၁၃၁)ဦး ပါဝင်တာကြောင့် စစ်ကောင်စီထုတ်ပြန်တဲ့ အရေအတွက်ထက် များစွာ လျော့နည်းနေတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီဟာ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်တဲ့စာရင်းကို ဖုံးကွယ်ဖို့အတွက် ရည်ရွယ်ချက်ရှိရှိနဲ့ နိုင်ငံရေးအကျဉ်းသား (၆၀၀)ခန့်ကို လွှတ်ပေးတဲ့ပုံစံ ပြောဆိုခဲ့တာလို့ ရေးသားထားပါတယ်။
အခုလို လွတ်မြောက်တဲ့အရေအတွက်အရ စစ်ရှုံးစစ်ကောင်စီဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံရေးထွက်ပေါက်အနေနဲ့ လဲလှယ်ဖို့ မတရား ပြန်ပေးဆွဲထားတာလို့ PPNM က ပြောဆိုထားပါတယ်။
အာဏာလု စစ်ကောင်စီအနေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့နဲ့ ပြည်သူထံ လက်နက်ချပြီး ကျူးလွန်တာတွေအတွက် ပြည်သူ့တရားစီရင်ရေးအောက်မှာ တာဝန်ခံဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။