ဇန်နဝါရီလ (၈)ရက်။
ဇန်နဝါရီလ (၆)ရက်နေ့က ဆောမြို့မရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဆောမြို့မရဲစခန်းကနေ လောင်းရှည်တိုက်နယ်ရဲစခန်းကို ထွင်လာတဲ့ စစ်ကြောင်းကဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့ဟာ MA-1 တစ်လက်၊ MA-3 တစ်လက်၊ ကျည် (၄၃၂)တောင့်၊ လက်ပစ်ဗုံး (၃)လုံးနဲ့ ကျည်အိမ် (၉)ခုတို့နဲ့ ဂန့်ဂေါခရိုင်တပ်ရင်း (၃၊ ၅)ထံ အလင်းဝင်လာတာလို့ ဖော်ပြထားပါတယ်။
နောက်ပြီး ဇန်နဝါရီလ (၂)ရက်နေ့ကလဲ ဆောမြို့မရဲစခန်းက စစ်ကောင်စီရဲတပ်သားတစ်ဦး G-3 တစ်လက်၊ ၇.၆၂ကျည် (၅၀)တောင့်နဲ့ ကျည်အိမ် (၂)ခုနဲ့ အလင်းဝင်လာခဲ့သေးတယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ဇန်နဝါရီလ (၄)ရက်နေ့က ဆောမြို့နယ်၊ လောင်းရှည်ဒေသ ရင့်ရဲချောင်းရွာအနီး နယ်မြေရှင်းလင်းဖို့ထွက်ချိန် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦးကို လက်နက်ခဲယမ်းတွေနဲ့ ဖမ်းမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အဲ့ဒီနေ့မှာပဲ လှော်ကားရွာအနီး ဖိုးခြင်းထောင်ကုန်းမှာ နယ်မြေရှင်းလင်းချိန် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦးထံက MA-1 တစ်လက်ကို ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာလ (၃၁)ရက်နေ့က ရင့်ရဲချောင်းရွာအနီး ကစဉ့်ကလျားထွက်ပြေးသွားတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က (၂)ဦးသေဆုံးပြီး တစ်ဦးဖမ်းမိကာ သေနတ် (၄)လက်နဲ့ ဆက်စပ်ကျည်တွေအပြင် စစ်အသုံးအဆောင်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။