ရွေးကောက်ပွဲကျင်းပဖို့ အတတ်နိုင်ဆုံး ပြင်ဆင်နေတယ်လို့ စစ်ခေါင်းဆောင်ပြော
ဇန်နဝါရီလ (၈)ရက်။
မနေ့က နေပြည်တော်မှာ အီရန်နိုင်ငံက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ခန့်အပ်လွှာ ပေးအပ်ခဲ့တယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
အီရန်နိုင်ငံက စစ်ခေါင်းဆောင်ထံ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်အနေနဲ့ H.E Dr. Nassereddin HEIDARI ကို ခန့်အပ်ဖို့ သဘောတူထားပြီးဖြစ်ကာ သံအမတ်ခန့်အပ်လွှာ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
သံအမတ်ခန့်အပ်လွှာပေးအပ်ချိန် နှစ်နိုင်ငံချစ်ကြည်ရေးနဲ့ သံတမန်ဆက်ဆံရေးကိစ္စ၊ အပြန်အလှန် ကုန်သွယ်တာနဲ့ သိပ္ပံနည်းပညာ၊ စိုက်ပျိုးရေးနဲ့ ကာကွယ်ရေးကဏ္ဍတို့မှာ မြှင့်တင်ဆောင်ရွက်ဖို့ စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါတယ်။
နောက်ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်တဲ့ အခြေအနေနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုတင်ပြင်ဆင်နေတဲ့ အခြေအနေတွေကိုလဲ ထည့်သွင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲကျင်းပဖို့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းဖို့ လိုအပ်ကာ ရွေးကောက်ပွဲမှာ နိုင်ငံတကာက လေ့လာရေးအဖွဲ့တွေ ဖိတ်ခေါ်သွားမယ့်အကြောင်း စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါသေးတယ်။
စစ်ခေါင်းဆောင်က အခုနှစ်ထဲ ရွေးကောက်ပွဲပြုလုပ်ဖို့ ပြင်ဆင်နေပေမယ့် နိုင်ငံတဝန်း တိုက်ပွဲဖြစ်ပွားနေကာ စစ်ကောင်စီဟာ နိုင်ငံရဲ့ (၃)ပုံ (၁)ပုံကိုတောင် သေချာ မစိုးမိုးနိုင်တော့ဘူးလို့ NUG က ထုတ်ပြန်ထားပါတယ်။
ရွေးကောက်ပွဲအတွက် စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူတာမှာလဲ မြို့နယ်ပေါင်း (၃၃၀)ရှိတဲ့အထဲ (၁၄၅)မြို့နယ်ကိုသာ ကောက်ယူနိုင်တာကြောင့် မဲစာရင်းဟာ မှန်ကန်မှုရှိမှာမဟုတ်ဘူးလို့ ပြောဆိုထားချက်တွေအရ သိရပါတယ်။