ဇန်နဝါရီလ (၈)ရက်။
ဒီကနေ့ နေ့လယ်ပိုင်းအချိန်မှာ မန်စီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို KIA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီလို့ မြေပြင်သတင်းတွေအရ သိရပါတယ်။
“ မန်စီမှာ ကျန်နေသေးတဲ့ ခမရ(၆၀၁)အပါအဝင် ခမရ(၃၁၉)နဲ့အတူ အမတ(၅၃၂)စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီလို့ သိရပါတယ်။ ဒါ့ကြောင့် မန်စီမြို့က တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေ အပြီးသတ် ရှင်းလင်းနိုင်ခဲ့ပြီဖြစ်ပါတယ်” လို့ ဆိုပါတယ်။
မန်စီမြို့ရှိ စစ်ကောင်စီရဲ့ တပ်စခန်းတွေထဲက အရေးကြီးတဲ့ စခန်းတွေကို ဒီဇင်ဘာလ (၂၅)ရက်နေ့ထဲက ထိန်းချုပ်ထားနိုင်ခဲ့ပေမယ့် စစ်ကောင်စီဘက်က လေကြောင်းနဲ့ လူအင်အား ထပ်ဖြည့်တင်းတာနဲ့ လေကြောင်းပစ်ကူတွေကြောင့် (၃)ပုံ (၂)ပုံကိုသာ ထိန်းချုပ်နိုင်ခဲ့တာလို့ သိရပါတယ်။
ဒီကနေ့မှာတော့ စစ်ကောင်စီတပ်စခန်းတွေ အားလုံးကို အပြီးသတ် ရှင်းလင်းနိုင်ခဲ့သလို မန်စီတိုက်ပွဲထဲ (၆၀၁)ဗျူဟာမှူး သေဆုံးခဲ့ပြီး လက်နက်ချအလင်းဝင်သူတွေလဲ အများအပြားရှိကာ လက်နက်ခဲယမ်းတွေနဲ့ သုံ့ပန်းတွေ အများအပြား ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
ဒီကနေ့မှာတော့ တပ်စခန်းတွေကနေ ဆုတ်ခွာသွားခဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းနေတာကြောင့် မန်စီမြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ဗန်းမော်မြို့နဲ့ မန်စီမြို့ကို ဒီဇင်ဘာလ (၄)ရက်နေ့ကစပြီး တေယ်လှန်ရေးတပ်ဖွဲ့တွေက တပြိုင်ထဲ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တလကျော်အကြာမှာ မန်စီမြို့ကို သိမ်းပိုက်နိုင်ခဲ့တာပါ။
မန်စီမြို့သိမ်းတိုက်ပွဲထဲ KIA တပ်မဟာ (၁၁)နဲ့အတူ PDF ပူးပေါင်းတပ်တွေနဲ့ မြို့ခံ UG တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
ရုပ်သံကို ခေတ်မျက်လုံးရဲ့ တယ်လီဂရမ် ချန်နယ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။