ဇန်နဝါရီလ (၉)ရက်။
ဇန်နဝါရီလ (၅)ရက်နေ့က လယ်ဒိုမြို့နယ်ထဲရှိ စစ်ကောင်စီရဲ့ မူသယ်အခြေစိုက် ခူသေစိုးတပ်စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ စစ်ကောင်စီ ကျူးကျော်တပ်စွဲထားတဲ့ မူသယ်အခြေစိုက် ခူသေစိုးတပ်စခန်းကို တပ်မဟာ(၃)တပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ (၅)ရက်ကြာ တိုက်ခိုက်ပြီး အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာ” လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ခူသယ်စိုးတပ်စခန်းကို KNLA တပ်မဟာ (၃)နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့ပြီး (၅)ရက်အကြာမှာ သိမ်းပိုက်နိုင်ခဲ့တာလို့ ဖော်ပြထားပါတယ်။
စခန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၈)ဦး သေဆုံးခဲ့ပြီး အချို့မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီစခန်းကနေ (၈၀)မမ လက်နက်ကြီး (၁)လက်အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
KNLA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ရရှိခဲ့တဲ့ ခူသယ်စိုးစခန်းဟာ လယ်ဒိုမြို့နယ်ထဲ စစ်ကောင်စီတပ်တွေက နှစ်ပေါင်း (၅၀)နီးပါးကြာ ဝင်ရောက် ကျူးကျော်တပ်စွဲထားတာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။