ဇန်နဝါရီလ (၁၀)ရက်။
မနေ့က နံနက်ပိုင်းအချိန်က မုံရွာမြို့နယ် နမခဘက်ကနေ စစ်ကောင်စီရဲ့ Jammer ကား (၃)စီးနဲ့ ရိက္ခာတင်ကား (၇)စီးကို မုံရွာ-အရာတော်လမ်းပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မနေ့က နမခကနေ ထွက်လာတဲ့ စကစရဲ့ ထပရ(၉၂၉)နဲ့ တပ်မ(၇၇)လက်အောက်ခံ ထုတ်နုတ်အင်အားပါတဲ့ Jammer ကားတွေနဲ့ ရိက္ခာကာစတန်းကို ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တာ။ အဲ့ဒီတိုက်ပွဲမှာ အမတ(၅၀၈)က လက်နက်ကြီးပစ်ကူပြီး တပ်ကူတွေလဲ ထပ်ပို့ခဲ့တယ်” လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီဘက်က အမတ (၅၀၈)ကနေ လက်နက်ကြီးပစ်ကူအနေနဲ့ ၁၂၂မမ ဟောင်ဝှစ်ဇာ (၄)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နမခကနေ သံပြားကာကား (၄)စီး တပ်ကူပေးပို့ခဲ့တယ်လို့ သိရပါတယ်။
ထိတွေ့မှုထဲ စစ်ကောင်စီဘက်က (၁၅)ဦးသေဆုံးခဲ့ပြီး (၇)ဦးကို အရှင်ဖမ်းမိခဲ့သလို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲထဲ စစ်ကောင်စီထံက G-3 (၂)လက်၊ MA-4 (၁)လက်၊ Uzi (၁)လက်၊ 5.56 မမ ကျည် (၄၁၉၀ )တောင့်၊ G-3 ကျည် (၅၀၀၀)တောင့်၊ ၁၂၂မမ ဟောင်ဝှစ်ဇာ (၁၅)လုံး၊ ဒရုန်း ဗုံးသီး (၂၀)လုံး၊ တိုက်မိုင်း (၃၀)လုံး၊ ၇၃မမ ဒုံးသီး (၂၀)လုံး၊ ၆၀မမ ဗုံးသီး (၂၇)လုံး၊ ၄၀မမ ဗုံးသီး (၃)လုံး၊ နင်းမိုင်းအသေး (၄၅)လုံး၊ Jummer စက်ကြီး (၃)လုံး၊ Jummer စက်သေး (၂)လုံး၊ ကျောပိုးလွယ်အိတ် (၆)လုံးနဲ့ Uzi ကျည်အိမ် (၂)ခုတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲမှာ မုံရွာခရိုင်ကွပ်ကဲရေးမှူး ညွှန်ကြားမှုနဲ့ မုံရွာခရိုင် တပ်ရင်း(၁၈၊ ၂၀၊ ၂၂၊ ၂၄၊၂၇)၊ ဗျူဟာ-၆၆(မုံရွာခရိုင် တပ်ရင်း-၁၉၊ ၂၁၊ ၂၆)၊ မုံရွာခရိုင်ဒရုန်းတပ်ဖွဲ့၊ အရာတော်မြို့နယ်ပကဖ (တိုက်နယ်-၁၊ ၂၊ ၄၊ ၅၊ ၈၊ ၁၀၊ ၁၁)၊ အရာတော်မြို့နယ် ပလဖ၊ မုံရွာမြို့နယ်ပကဖ (တိုက်နယ်-၂)နဲ့ BLDF ပူးပေါင်းအဖွဲ့တို့ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။