ဇန်နဝါရီလ (၁၂)ရက်။
၂၀၀၅ခုနှစ်ကစပြီး လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်တဲ့စီမံကိန်းတွေ အောင်မြင်ခဲ့ရင် အခုအချိန် ဓါတ်အားလုံလောက်စွာ ရရှိနေမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ပြင်ဦးလွင်ခရီးစဉ်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
အခုအခါ လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေ စွမ်းအားပြည့်မထုတ်လုပ်နိုင်တာ၊ ဖျက်ဆီးတာနဲ့ ဓါတ်ငွေံတာ လုံလောက်စွာ မရရှိတာကြောင့် လျှပ်စစ်ဓါတ်အား ပြည့်ဝစွာ ဖြန့်ဖြူးပေးဖို့ အခက်အခဲတွေရှိနေတာလို့ ဆိုပါတယ်။
နောက်ပြီး ရည်မှန်းချက်ထား အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လျှပ်စစ်ဓါတ်အားပေးစက်ရုံ စီမံကိန်းတွေဟာလဲ ကန့်ကွက်တာတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းရပ်တန့်ရတာတွေရှိတယ်လို့ သူက ပြောဆိုထားပါတယ်။
စစ်ကောင်စီဟာ လျှပ်စစ်နဲ့ပတ်သက်ပြီး အခက်အခဲတွေရှိနေတာကြောင့် အချိန်တိုထဲ အောင်မြင်ပြီးမြောက်နိုင်တဲ့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားထုတ်လုပ်တဲ့ စီမံကိန်းတွေကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အဲ့ဒီစီမံကိန်းတွေ အောင်မြင်ပြီးစီးရင် လျှပ်စစ်မီးတွေ လုံလောက်စွာ ရရှိလာနိုင်မှာဖြစ်ပြီး ကုန်ထုတ်လုပ်ငန်းတွေကိုအနေနဲ့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားထုတ်လုပ်တဲ့လုပ်ငန်းတွေကို တစ်ပိုင်တစ်နိုင် ဆောင်ရွက်ဖို့ စစ်ခေါင်းဆောင်က ပြောဆိုထားပါသေးတယ်။
စစ်ကောင်စီလျှပ်စစ်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ လျှပ်စစ်ဓါတ်အား တစ်ရက်ပျမ်းမျှ ထုတ်လုပ်နိုင်တာရဲ့ (၅၀)ရာခိုင်နှုန်းဖြစ်တဲ့ (၂၂၀၀)မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်ပြီး အချိုးကျ ခွဲဝေပေးနေရတာဖြစ်တယ်လို့ သိရပါတယ်။