ဇန်နဝါရီလ (၁၅)ရက်။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတို့က အထူးတိုက်ခိုက်ရေးတပ်ဖွဲ့တွေကို လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီအခမ်းအနားကို ဇန်နဝါရီလ (၁၂)ရက်နေ့က ပြုလုပ်ခဲ့ပြီး အမှတ်(၁)စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတို့က ရဲဘော်တွေပါဝင်တဲ့ အပတ်စဉ်(၄) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ကို လက်နက်တပ်ဆင်ပေးခဲ့တာလို့ ဆိုပါတယ်။
လက်နက်တပ်ဆင်ပေးခဲ့တဲ့ အပတ်စဉ်(၄) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဟာ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ ရွံ့ရွံ့ချွံချွံ တိုက်ပွဲဝင်ခဲ့ကြတဲ့ တပ်ဖွဲ့တစ်ဖွဲ့ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို လက်နက်တပ်ဆင်ပေးတဲ့ အခမ်းအနားကို အမှတ်(၁)စစ်ဒေသက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုအခါ မြေပြန့်ဒေသ စစ်ဆင်ရေးကို အရှိန်တိုးမြှင့်ကာ ထိုးစစ်ဆင်တိုက်ခိုက်ဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြင်ဆင်နေပြီး တိုက်ပွဲထဲ ပါဝင်ကြဖို့ကိုလဲ တပ်သားသစ်တွေ ဖိတ်ခေါ်ထားပါတယ်။
စစ်ရှုံးစစ်ကောင်စီအနေနဲ့ နိုင်ငံတဝန်း တိုက်ပွဲတွေမှာ ဆိုးဝါးစွာ ရှုံးနိမ့်တာတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရသလို စိတ်ဓါတ်ပျက်ပြားတာနဲ့ လက်နက်ချ အလင်းဝင်တာတွေ ပိုမိုများပြားလာတယ်လို့ သိရပါတယ်။