ဇန်နဝါရီလ (၁၆)ရက်။
ဒီကနေ့ နံနက် (၅)နာရီခွဲအချိန်က မန္တလေး ပြည်ကြီးတံခွန်မြို့နယ်မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
“ ဖြစ်တာက ပြည်ကြီးတံခွန် (၁၂၅)လမ်း၊ (၅၉)နဲ့ လမ်း(၆၀)ကြား (စ)ဈေးအနောက်ဘက်မှာဖြစ်တာ။ ဆိုင်ကယ်စီးလာတဲ့ အမျိုးသားကို ကားပေါ်ကနေ စခ၊ရခတွေက သေနတ်နဲ့လှမ်းပစ်တာ” လို့ ရပ်ကွက်နေသူတစ်ဦးက ဆိုပါတယ်။
ဆိုင်ကယ်စီးလာသူ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက Hondafit အိမ်စီးကားပေါ်ကနေ သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ထိမှန်သေဆုံးခဲ့ပြီး အကြောင်းအရင်းအသေးစိတ်ကိုတော့ အတည်မပြုနိုင်သေးပါ။
အခုလို ပစ်ခတ်ခဲ့တဲ့ဖြစ်စဉ်ကို စစ်ကောင်စီသတင်းချန်နယ်တွေကတော့ ဆိုင်ကယ်ကို စစ်ဆေးဖို့ ရပ်တန့်ခိုင်းချိန် ဆိုင်ကယ်အနောက်ကနေ လိုက်ပါလာသူက ဓါးနဲ့ခုတ်တာကြောင့် ပစ်ခတ်ခဲ့တာလို့ ဖော်ပြထားပါတယ်။
ဖြစ်စဉ်ထဲ ဆိုင်ကယ်မောင်းနှင်လာတဲ့ အမျိုးသားကတော့ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး သေနတ်ထိမှန်ခဲ့သူဟာ ယာဝမ်းဗိုက် ကျည်ဖောက်ထွက်ဒဏ်ရာ ရရှိခဲ့ပြီး နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားခဲ့တဲ့ အမျိုးသားရဲ့ ရုပ်အလောင်းကို လူမှုကူညီရေးအသင်းက လူနာတင်ယာဉ်နဲ့ မန္တလေးဆေးရုံကြီးကို ပို့ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြည်သူတွေကို မထင်ရင်မထင်သလို ဖမ်းဆီးသတ်ဖြတ်နေကာ သေဆုံးသွားသူတွေနဲ့ ဖမ်းမိသူတွေကို အကြောင်းအမျိုးမျိုးပြပြီး မတရားပုဒ်မတပ်တာတွေ ပြုလုပ်နေတာလို့ သိရပါတယ်။