ဇန်နဝါရီလ (၁၉)ရက်။
မနေ့က ညနေ (၄)နာရီခွဲအချိန်ကစပြီး မြောက်ဦးမြို့ ရမ်းချောင်းအနီး ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ ထိန်းသိမ်းထားတဲ့နေရာ ဗုံးကြဲခံခဲ့ရတယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ရမ်းချောင်းအနီးတဝိုက်ကို ညနေ (၄)နာရီ (၄၅)မိနစ်မှာ တစ်ကြိမ်၊ (၄၆)မိနစ်မှာ တစ်ကြိမ်နဲ့ (၄၇)မိနစ်မှာ တစ်ကြိမ် (၃)ကြိမ် စကစက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားတာ။ ဗုံးကြဲခံရတဲ့နေရာက ဖမ်းမိထားတဲ့ စကစတွေနဲ့ သူတို့မိသားစုဝင်တွေကို ထားတဲ့နေရာ” လို့ ဆိုပါတယ်။
မြောက်ဦးမြို့ ရမ်းချောင်းအနီး စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ (၃)ကြိမ် ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်နဲ့ အမျိုးသမီး စုစုပေါင်း (၂၈)ဦးသေဆုံးကာ (၂၅)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိသူတွေထဲက အချို့ဟာ အရေးပေါ်ဆေးကုသတာ ခံယူနေရပြီး အဲ့ဒီထဲက ဒဏ်ရာပြင်းထန်သူအချို့ဟာလဲ နောက်ထပ်သေဆုံးသူတွေစာရင်းထဲ ထပ်ရှိလာနိုင်တယ်လို့ AA က ပြောဆိုထားပါတယ်။
ဗုံးကြဲခံရပြီး သေဆုံးဒဏ်ရာရတဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေဟာ ရခိုင်ဒေသတိုက်ပွဲထဲ ဖမ်းမိထားတဲ့ စစ်ကောင်စီရဲ့ တပ်မိသားစုဝင်တွေဖြစ်ကာ မကြာခင် ပြန်လွှတ်ပေးဖို့ စီစဉ်ထားပြီး ယာယီထိန်းသိမ်းထားတာလို့ သိရပါတယ်။
နိုင်ငံတဝန်း စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ လုပ်ရပ်တွေကို တရားလက်လွတ် ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုတွေကို နေ့တိုင်းလိုလို ကျူးလွန်နေတာလို့ AA က ထည့်သွင်းပြောဆိုထားပါတယ်။
အခုနှစ် အစောပိုင်းကာလကစပြီး အခုလို အကြမ်းဖက်တိုက်ခိုက်တာတွေကို စစ်ကောင်စီက ခပ်စိပ်စိပ် ပိုမိုပြုလုပ်တာကြောင့် လေကြောင်းရန်နဲ့ လေကြောင်းအန္တရာယ်ကို အရင်ထက် ပိုမိုသတိထားဖို့နဲ့ အင်တာနက်နဲ့ ဖုန်းတွေကို သတိထားသုံးစွဲဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။