ဇန်နဝါရီလ (၂၁)ရက်။
ဒီကနေ့ နံနက် (၆)နာရီ (၄၅)မိနစ်အချိန်က မြင်းခြံမြို့ ချောင်းဒေါင်းလမ်းဆုံမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီရဲတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger(MBT)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
“ အမှတ်(၂)ရဲစခန်းက ရဲတပ်သား (၅)ဦးက ချောင်းဒေါင်းလမ်းဆုံမှာ ပြည်သူတွေဆီကနေ နေ့တိုင်း ဆက်ကြေးကောက်နေတာ။ အဲ့ဒါကြောင့် လမ်းတဖက်စီကို မိုင်းဆွဲတိုက်ခိုက်ဖို့ စီစဉ်ခဲ့တာပါ၊ ဒါပေမယ့် လမ်းတဖက်မှာ ပြည်သူတွေရှိလို့ တဖက်ကိုပဲ မိုင်းဆွဲနိုင်ခဲ့တယ်” လို့ ဆိုပါတယ်။
မိုင်းဆွဲခံရတဲ့ စစ်ကောင်စီရဲတပ်သား (၅)ဦးဟာ အမှတ်(၂)ရဲစခန်းကဖြစ်ပြီး သူတို့ထဲက (၃)ဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ (၁)ဦးသေဆုံးကာ (၂)ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
MBT အနေနဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား (၅)ဦးစလုံးကို မိုင်းဆွဲတိုက်ခိုက်ဖို့ စီစဉ်ခဲ့ပေမယ့် ပြည်သူတွေရှိနေတာကြောင့် ရဲတပ်သား (၃)ဦးရှိတဲ့ လမ်းတဖက်ကိုသာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်စခန်းတွေနဲ့ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်ဝန်ထမ်းတွေရှိတဲ့ နေရာတွေမှာ အနားယူတာနဲ့ နီးနီးကပ်ကပ် သွားလာတာမပြုဖို့ ထပ်မံမေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။