ဇန်နဝါရီလ (၂၂)ရက်။
ညစ်ညမ်းစာပေတွေကို အရေးယူတာက နိုင်ငံနဲ့ လူမျိုးအတွက် စာပေအဆိပ်သင့်တာကို ကာကွယ်တားဆီးတာလို့ စစ်ကောင်စီပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက မနေ့က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
အခုအခါ စာပေထုတ်ဝေတဲ့ လုပ်ငန်းတွေမှာ ညစ်ညမ်းစာပေတွေကို ထုတ်ဝေဖြန့်ချိတာတွေ တွေ့နေရတာကြောင့် သက်ဆိုင်ရာဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နေတာလို့ ဆိုပါတယ်။
အဲ့ဒီစာအုပ်တွေဟာ လူငယ်တွေရဲ့ စဉ်းစားတွေးခေါ်တာနဲ့ ခံစားနားလည်တာတွေကို လွဲမှားစေနိုင်တဲ့ ဟီရိဩတ္တပ္ပမရှိတဲ့ စာအုပ်စာစောင်တွေဖြစ်တာကြောင့် အရေးယူတာလို့ ပြောဆိုထားပါသေးတယ်။
နောက်ပြီး တေးသီချင်းဗီဒီယို ထုတ်လွှင့်တာတွေမှာ ညစ်ညမ်းတာတွေ ပါဝင်နေတာကြောင့် လိုအပ်သလို အရေးယူထိန်းကျောင်းဆောင်ရွက်နေတယ်လို့ စစ်ကောင်စီဝန်ကြီးက ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံနဲ့ စစ်တပ်အပေါ် ထိခိုက်စေနိုင်တဲ့ ရေးသားဖော်ပြတာတွေကို ရှောင်ကြဉ်ဖို့နဲ့ သတင်းမီဒီယာတွေအနေနဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းတာကို ပျက်ပြားစေမယ့် သတင်းတွေ ရေးသားဖော်ပြရင် အရေးယူမယ်လို့ သတိပေးထားပါသေးတယ်။
စစ်ကောင်စီလက်ထက် လွတ်လပ်စွာ ထုတ်ဖော်ရေးသားပြောဆိုခွင့် ကန့်သတ်ခံနေရသလို ပြည်သူတွေရဲ့ အွန်လိုင်းပေါ်မှာ ရေးသားပြောဆိုခွင့်တွေကိုပါ ကော်မတီဖွဲ့ စောင့်ကြည့်ကာ အရေးယူဖမ်းဆီးတာတွေ ရှိနေတာပါ။
စစ်ကောင်စီဟာ ဆိုက်ဘာလုံခြုံရေးဥပဒေတရပ်ကို ပြဋ္ဌာန်းလိုက်ပြီး အဲ့ဒီဥပဒေဟာ နည်းပညာအသုံးပြု ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို အရေးယူဖို့ထက် နိုင်ငံသားတွေရဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ထိန်းချုပ်ဖို့သာဖြစ်တယ်လို့ ပြောဆိုချက်တွေအရ သိရပါတယ်။