ဇန်နဝါရီလ (၂၂)ရက်။
ဒီကနေ့ နံနက် (၇)နာရီခွဲအချိန်က ကျိုက်ဒုံမြို့ပေါ်ရှိ မီးသတ်စခန်းကို စစ်ကောင်စီက လေကြောင်းကနေ ဖျက်အားပြင်းဗုံးနဲ့ ကြဲချခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
“ ကျိုက်ဒုံမြို့ပေါ် အမှတ်(၅)ရပ်ကွက်က မီးသတ်စခန်းကို စကစက ဖျက်အားပြင်းဗုံးနဲ့ ကြဲချသွားတာ။ မီးသတ်အဆောက်အဦးတစ်ခုလုံးနီးပါး ပျက်စီးသွားတယ်။ အနားက အမျိုးသမီးတစ်ဦးလဲ ထိမှန်သေဆုံးတာရှိတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် မီးသတ်စခန်း အဆောက်အဦးတစ်ခုလုံးနီးပါး ထိမှန်ပျက်စီးခဲ့ကာ အနီးဝန်းကျင်ရှိ အသက်(၅၀)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မီးသတ်စခန်းကို တိုက်ခိုက်တာဟာ ပြီးခဲ့တဲ့လတွေတုန်းက KNLA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ခဏလာရောက်တည်းခိုဖူးတဲ့ သတင်းကို ရရှိခဲ့ပြီးနောက် စစ်ကောင်စီက ဗုံးကြဲချတာလို့ မြို့ခံတွေက ပြောဆိုထားပါတယ်။
ကျိုက်ဒုံမြို့ဟာ စစ်ကောင်စီကင်းစင်တဲ့ နယ်မြေဖြစ်ပြီး တည်ငြိမ်အေးချမ်းနေပေမယ့် စစ်ကောင်စီက သူတို့လက်လွှတ်လိုက်ရတဲ့ ဒေသတွေကို ဗုံးကြဲလေ့ရှိတာကြောင့် ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေရပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့ အန္တရာယ်တွေကို စိုးရိမ်တာကြောင့် ကျိုက်ဒုံမြို့နယ်ထဲ ပြီးခဲ့တဲ့ ကရင်နှစ်သစ်ကူးကာလမှာ နှစ်သစ်ကူးပွဲတော် မကျင်းပခဲ့ရဘူးလို့ မြို့ခံတွေက ပြောဆိုထားပါတယ်။
ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့ရှိ စစ်ကောင်စီအခြေချ ဗျုဟာစခန်းကုန်းကို KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့နှစ် မတ်လပိုင်းထဲ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။