ဇန်နဝါရီလ (၂၃)ရက်။
အစည်းအဝေးတွေထိုင်ရင်း အချိန်ကုန်ကြရတော့မယ့်ကာလ မဟုတ်တော့ဘူးလို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းရဲ့ အခုရက်ပိုင်းထဲ ပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ သတိပေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။
“ အစည်းအဝေးတွေထိုင်ရင်း အချိန်ကုန်ကြရတော့မယ့်ကာလ မဟုတ်တော့တာကြောင့် တွေ့ဆုံမှုတိုင်းကို ရလဒ်ကောင်းကောင်းထွက်အောင် ကြိုးစားပြီး ထွက်ပေါ်လာတဲ့ ရလဒ်တွေကို အောင်မြင်တဲ့လုပ်ဆောင်မှုတွေအနေနဲ့ ပြောင်းလဲနိုင်တဲ့အထိ အားထုတ်ကြရမှာဖြစ်တယ်” လို့ ဆိုပါတယ်။
NUG ထဲ ဝန်ကြီးဌာနအချင်းချင်း တိုင်ပင်ဆွေးနွေးတာတွေ၊ တော်လှန်ရေးအင်အားစုအသီးသီးနဲ့ တိုင်ပင်ဆွေးနွေးတာတွေဟာ အင်မတန် အရေးကြီးကာ ရလဒ်ထွက်တဲ့အထိ လုပ်နိုင်ဖို့လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။
“ အစည်းအဝေးတွေ တွေ့ဆုံတာတွေကို ရလဒ်ထွက်တဲ့အထိ လုပ်နိုင်ဖို့လိုမှာဖြစ်ပါတယ်။ ဘယ်နှစ်ကြိမ်တွေ့ဆုံကြတယ်ဆိုတာက အရေးမကြီးဘဲ ဘာရလဒ်တွေ ထွက်သလဲကပဲ ပိုအရေးကြီးပါတယ်” လို့ ဝန်ကြီးချုပ်က ဆက်ပြောပါတယ်။
အခုအခါမှာတော့ စစ်အာဏာရှင်ဆိုတဲ့ အပင်ကို အမြစ်ကနေစပြီး တူးပစ်ရမှာဖြစ်ကာ အဲ့ဒီလိုလုပ်နိုင်ဖို့ကို အခုအချိန်အထိ ဘယ်လောက်အခက်အခဲရှိရှိ ဇွဲမလျော့ဘဲ ကြိုးပမ်းနေတယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် NUG အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ ယုံကြည်မှုတည်ဆောက်တာကို အတိုင်းအတာတစ်ခုအထိ လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်တယ်လို့လဲ အစည်းအဝေးထဲ ပြောဆိုထားချက်အရ သိရပါတယ်။