ဇန်နဝါရီလ (၂၉)ရက်။
မနေ့က ညနေပိုင်းက လူမှုကူညီရေးအဖွဲ့ကားနဲ့ ရိက္ခာသွားပို့တဲ့ သာပေါင်းမြို့နယ်စခန်းမှူး ရဲမှူး ဝင်းနိုင်ဦး စနိုက်ဘာကျည်ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
“ စခန်းမှူး ရဲမှူးဝင်းနိုင်ဦးနဲ့ ရခတွေ နယ်ထိန်းတွေက ပရဟိတကားနဲ့ ကျားခေါင်းကို ရိက္ခာပို့သွားတဲ့အချိန် မြို့နယ်စခန်းမှူးက စနိုက်ဘာထိသွားတာ။ စနိုက်ဘာလ လည်ပင်းထိမှန်ပြီး နေရာမှာပဲသေသွားတယ်” လို့ ဆိုပါတယ်။
သာပေါင်းမြို့နယ်စခန်းမှူး ရဲမှူး ဝင်းနိုင်ဦးဟာ ကျားခေါက်းဘက်ကို ရိက္ခာပို့သွားချိန် လည်ပင်းကို စနိုက်ဘာကျည်ထိမှန်ပြီး သေဆုံးခဲ့ကာ အလောင်းကို သူ့ရဲ့ဇာတိဖြစ်တဲ့ လက်ပံကွင်းကို ပြန်လည်သယ်ယူသွားတယ်လို့ သိရပါတယ်။
စနိုက်ဘာနဲ့ ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ထဲ စခန်းမှူးဘေးမှာရှိတဲ့ ပရဟိတကားသမား ကြောက်လန့်ပြီး သတိလစ်သွားသလို ကားပေါ်ပါတဲ့ ရဲတွေနဲ့ နယ်ထိန်းတွေ ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။
အဲ့ဒီလိုထွက်ပြေးသူတွေထဲ “ ငါသေမှ ငါ့စခန်းရမယ်” လို့ အမြဲကြွေးကြော်နေတဲ့ ကွက်ပြင်နယ်ထိန်း တိမ်ပျံဆိုသူဟာ ဖြစ်စဉ်ကြောင့် ရှေ့ဆုံးကနေထွက်ပြေးသူတွေထဲ တစ်ဦးအပါအဝင်ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
အခုလို သာပေါင်းမြို့နယ်စခန်းမှူး ရဲမှူး ဝင်းနိုင်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့အပေါ် ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာကို မသိရသေးသလို စစ်ကောင်စီဘက်ကလဲ ထုတ်ပြန်ထားတာမရှိဘူးလို့ သိရပါတယ်။