ဇန်နဝါရီလ (၃၁)ရက်။
စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဒီကနေ့မှာကျရောက်တဲ့ (၇၆)နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
“ ပြည်သူတွေ ဘယ်လောက်ပဲ ဒုက္ခဆင်းရဲတွင်းထဲရောက်ရောက်၊ တွန်းလှန်ဆန့်ကျင်သူတွေ ဘယ်လောက်များများ ဗမာစစ်တပ်က ဂရုမစိုက်ဘဲ နည်းမှန်လမ်းမှန်နဲ့ ပြေလည်အောင် ဖြေရှင်းဖို့လဲ မလုပ်ဘူး။ ရှိတဲ့ စစ်အင်အားနဲ့ပဲ တော်လှန်တိုက်ခိုက်တာတွေကို ဖြိုခွင်းဖို့ ကြိုးစားနေတာ” လို့ ဆိုပါတယ်။
ဗမာစစ်တပ်ဟာ သူတို့ဆက်လက်ရပ်တည်နိုင်ဖို့ လေတပ်ကို အသုံးချပြီး တိုက်လေယာဉ်တွေနဲ့ စစ်ရေးအသာစီးရဖို့ လုပ်ဆောင်နေသလို ပိုဆိုးတာက အာဏာကို ရေရှည်ချုပ်ကိုင်နိုင်ဖို့ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတာလို့ ပြောဆိုထားပါတယ်။
ဗမာစစ်တပ်က ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတာဟာ နိုင်ငံတကာအမြင်မှာ တရားဝင်အစိုးရအနေနဲ့ အသိအမှတ်ပြုခံရဖို့ဖြစ်ကာ ၂၀၀၈ခြေ/ဥ တည်တံ့ဖို့နဲ့ စစ်တပ်ကြီးစိုးမှု အမြဲတမ်းရရှိနေဖို့ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့ကြောင့် ဗမာစစ်တပ်ရဲ့ ရွေးကောက်ပွဲကို အားလုံးအတူတကွ ဆန့်ကျင်ကြရမှာဖြစ်ပြီး ဗမာစစ်တပ်ဟာ နိုင်ငံ့အာဏာကို အဓမ္မလုယူသိမ်းပိုက်ခဲ့ပေမယ့် တနိုင်ငံလုံးကို အုပ်ချုပ်နိုင်စွမ်း မရှိတော့ဘူးလို့ KNU ဥက္ကဋ္ဌက ဆိုပါတယ်။
နောက်ပြီး နိုင်ငံငြိမ်းချမ်းဖို့နဲ့ ကြီးပွားတိုးတက်ဖို့ နည်းလမ်းဟာ အာဏာရှင်စနစ်အဆုံးသတ်ပြီး ကမ္ဘာ့နိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ နိုင်ငံရေးပဋိပက္ခတွေကို ပြေလည်အောင် ဖြေရှင်းနိုင်အောင် ကူညီပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။