ဖေဖော်ဝါရီလ (၃)ရက်။
ဇန်နဝါရီလ (၃၁)ရက်နေ့က ပွင့်ဖြူမြို့နယ်ရှိ စစ်ကောင်စီရဲ့ မဲဇလီရဲစခန်းကို ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Earthquake People’s Defense Force ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ပွင့်ဖြူမြို့ မဲဇလီရဲစခန်းကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ ထိခိုက်တာတွေရှိခဲ့ပြီး စခန်းကို ယာယီစွန့်ခွာသွားကြတယ်” လို့ ဆိုပါတယ်။
မဲဇလီရဲစခန်း တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ စစ်ကောင်စီဘက်က ထိခိုက်တာတွေရှိခဲ့ကာ အသေးစိတ်ကိုတော့ မသိရသေးဘဲ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ ယာယီစခန်းစွန့်ခွာသွားကြတယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး ဖေဖော်ဝါရီလ (၁)ရက်နေ့ကလဲ မင်းဘူးမြို့နယ်ရှိ လက်ပတောစခန်းကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့သလို မဲဇလီစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ပွင့်ဖြူမြို့ မဒကုန်းရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီတိုက်ပွဲထဲ အထိနာသွားတဲ့ စစ်ကောင်စီဟာ မဲဇလီကျေးရွာဝန်းကျင်ကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ လက်ပတောကျေးရွာအနီးရှိ ကျေးရွာတွေကို လက်နက်ကြီးပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ ပါရာမော်တာနဲ့ ဗုံးသီးချတိုက်ခိုက်တာအပါအဝင် ပတ်ဝန်းကျင်ကျေးရွာတွေက ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့တာတွေကို ယုတ်မာစွာ ပြုလုပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီတိုက်ခိုက်တာကို မြိုင်ပကဖ၊ ပေါက်ပကဖ၊ မင်းဘူးခရိုင် တပ်ရင်း(၆၊၄)၊ Jocker ပြောက်ကျားတပ်ဖွဲ့(MYG)၊ Young Force People Defence Force(PKU)၊ စေတုတ္တရာပအဖနဲ့ Earthquake People’s Defense Force တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။