ဖေဖော်ဝါရီလ (၁၁)ရက်။
ဖေဖော်ဝါရီလ (၉)ရက်နေ့က မိုင်းရယ်မြို့နယ်ရှိ မိုင်းဟဒေသထဲ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား (၂၁)ဦးကို ထပ်မံဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ တရုတ်နိုင်ငံသားတွေကို လိုအပ်တဲ့ စစ်ဆေးတာတွေ ဆောင်ရွက်နေပြီး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
အဲ့ဒီနယ်မြေထဲ ဖေဖော်ဝါရီလ (၅)ရက်နေ့ကနေ (၉)ရက်နေ့အထိ ကျားဖြန့်လုပ်ငန်း ဆောင်ရွက်နေသူတွေကို လုံခြုံရေးယူပေးသူတွေအပါအဝင် နိုင်ငံခြားသားတွေနဲ့ မြန်မာနိုင်ငံသား (၁၀၂)ဦးကို ဆက်စပ်ပစ္စည်းတွေနဲ့ ဖမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီဖြစ်စဉ်တွေထဲ ဖမ်းမိခဲ့သူတွေကို စိစစ်ဆောင်ရွက်နေကာ တရားစွဲတာနဲ့ ပြည်ပနိုင်ငံသားတွေကို သက်ဆိုင်ရာနိုင်ငံတွေကို ပြန်လည်လွှဲပြောင်းနိုင်ဖို့ စီစဉ်နေတယ်လို့ ရေးသားထားပါတယ်။
နောက်ပြီး ကျားဖြန့်လုပ်ကိုင်နေသူတွေနဲ့ အခြားဒုစရိုက်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေသူတွေကို အိမ်နီးချင်းနိုင်ငံတွေအပါအဝင် နိုင်ငံတကာအဖွဲ့တွေနဲ့ ပူးပေါင်းကာ ဖော်ထုတ်အရေးယူနေတယ်လို့ စစ်ကောင်စီက ပြောဆိုထားပါသေးတယ်။
၂၀၂၃ခုနှစ် အောက်တိုဘာလကစပြီး ၂၀၂၅ခုနှစ် ဇန်နဝါရီလအထိ နိုင်ငံထဲ တရားမဝင် ဝင်ရောက်လာကာ ကျားဖြန့်လုပ်ငန်းနဲ့ဆက်စပ်ပြီး နိုင်ငံခြားသား (၅၅၀၀၀)ကျော်ကို သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်ပို့ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
![](https://eraseye.com/wp-content/uploads/2025/02/IMG_20250211_111837_117-1.jpg)