ဖေဖော်ဝါရီလ (၂၄)ရက်။
မနေ့က နောင်ချိုမြို့နယ် တောင်ရှည်ရွာနဲ့ မန်မော်ကျေးရွာကြားမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားချိန် နေ့လယ် (၁)နာရီခွဲအချိန်က စစ်ကောင်စီတပ်ဟာ အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ခဲ့ကာ TNLA ဘက်က တပ်သား (၁၀)ဦး ဒဏ်ရာရရှိခဲ့ပြီး (၄)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ အဆိပ်ငွေ့ဗုံးကြောင့် TNLA တပ်သားတွေဟာ မူးဝေတာ၊ အသက်ရှုမြန်တာ၊ မအီမသာဖြစ်တာ၊ စိတ်လှုပ်ရှားမြန်တာ၊ မောပန်းတာနဲ့ အောက်စီဂျင်ကျတာတွေ ခံစားရပြီး ဆေးကုသနေတယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွာတဲ့ ကာလထဲ နိုင်ငံတကာ တားမြစ်ထားတဲ့ အဆိပ်ငွေ့ဗုံးကို အသုံးပြုပြီး စစ်ရာဇဝတ်မှုကို ကျူးလွန်နေတယ်လို့လဲ TNLA က ပြောဆိုထားပါတယ်။
ဒါ့အပြင် အခုလထဲ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပြီး လက်နက်ကြီးပစ်ခတ်တာနဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကလေးငယ်အပါအဝင် အရပ်သား (၇)ဦးသေဆုံးကာ (၁၅)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

