ဖေဖော်ဝါရီလ (၂၆)ရက်။
မနေ့က ပေါင်မြို့နယ်ရှိ မြို့နယ်ထွေ/အုပ် ဒုဦးစီးမှူးနဲ့ မြို့နယ်မီးသတ်ဦးစီးမှူးအပါအဝင် (၆)ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ စစ်လော်ဘီချန်နယ်တွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။
ဖမ်းဆီးခံရသူတွေဟာ မြို့နယ်ထွေ/အုပ် ဒုဦးစီးမှူး ဦးကျော်မျိုးလှိုင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြတ်ကိုကိုအပြင် တော်ဝင်ဘော်ဒါပိုင်ရှင် ကိုဇာနည်၊ ချဲဒိုင်ဆိုသူ ကိုမိုးငယ်၊ ဦးဇော်ဝင်းမြင့်နဲ့ ဒေါ်ကျော့ကျော့စံတို့ဖြစ်တယ်လို့ ဆိုပါတယ်။
မြို့နယ်ထွေ/အုပ် ဒုဦးစီးမှူးနဲ့ မီးသတ်ဦးစီးမှူးအပါအဝင် (၆)ဦးကို စစ်ကောင်စီက PDF တွေဆီ ငွေကြေးနဲ့ ရိက္ခာတွေ ထောက်ပံ့ပေးနေတာကြောင့် ဖမ်းဆီးခဲ့တာဆိုပြီး စစ်လော်ဘီချန်နယ်တွေရဲ့ ဖော်ပြထားချက်အရ သိရပါတယ်။
ဖမ်းဆီးခံရသူတွေထဲ တော်ဝင်ဘော်ဒါပိုင်ရှင် ကိုဇာနည်ဟာ ၂၀၂၁ခုနှစ် စစ်အာဏာရှင်ဆန့်ကျင်တဲ့ ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်သူဖြစ်တယ်လို့ ပြောဆိုထားကာ ဥက္ကံတံတားအတွင်းရွာက PDF ခေါင်းဆောင်တစ်ဦး ဖမ်းဆီးခံရတာရဲ့ နောက်ဆက်တွဲ ကွင်းဆက်မှုလို့ ဆိုပါတယ်။
အဲ့ဒီဥက္ကံတံတားအတွင်းရွာက ပြင်ပကျူရှင်ဆရာတစ်ဦးဖြစ်တဲ့ ဦးရဲထွန်းနိုင်ကို စစ်ကောင်စီက PDF ခေါင်းဆောင်ဆိုပြီး ဖမ်းဆီးခဲ့ပြီးနောက် နောက်ဆက်တွဲအနေနဲ့ ဖမ်းဆီးခံရသူ အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။
