မတ်လ (၁၀)ရက်။
အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေနဲ့ လုပ်ငန်းခွင်တွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းတွေနဲ့ တိုက်ခိုက်နေတယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မတ်လ (၅)ရက်နေ့ နံနက် (၉)နာရီ (၄၀)မိနစ်အချိန်က ဆောထိမြို့နယ်ထဲရှိ ထောလူခိုရွာထဲ ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ(၂၆၄)တပ်ရင်းက ၁၂၀မမ လက်နက်ကြီး (၂)လုံး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကြောင့် ကျေးရွာထဲနေထိုင်တဲ့ အသက် (၄၀)နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မတ်လ (၈)ရက်နေ့ နေ့လယ် (၁၁)နာရီ (၅၅)မိနစ်အချိန်ကလဲ မူးမြို့နယ်ထဲရှိ ကျောက်ကြီးပေါက်ကျေးရွာကို စစ်ကောင်စီက တောင်ငူလေတပ်ကနေ Y-12 လေယာဉ်နဲ့ ဗုံး (၃)လုံး ကြဲချခဲ့တယ်လို့ ရေးသားထားပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲချခဲ့တာကြောင့် ကျေးရွာထဲရှိ နေအိမ် (၁၀)လုံးခန့် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် မနေ့က ည (၈)နာရီကျော်အချိန်က လယ်ဒိုမြို့နယ် တောင်ခင်ကျေးရွာကို ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ(၂၆၄)တပ်ရင်းက ၁၂၀မမ လက်နက်ကြီး (၂)လုံး ထပ်မံပစ်ခတ်ခဲ့ပါသေးတယ်။
စစ်ကောင်စီရဲ့ လက်နက်ကြီးဟာ ကျေးရွာဘုန်းကြီးကျောင်းထဲ ကျရောက်ပေါက်ကွဲခဲ့ကာ လူထိခိုက်တာမရှိခဲ့ပေမယ့် ဘုန်းကြီးကျောင်းဝင်းထဲရှိ ထမ်းစင်(၁)စင် ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။


