မတ်လ (၁၄)ရက်။
မတ်လ (၁၂)ရက်နေ့က ရှမ်းမြောက်ဒေသ တန့်ယန်းမြို့မှာ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်တဲ့ တရားမဝင်နိုင်ငံခြားသား (၁၆၅)ဦးနဲ့ မြန်မာတစ်ဦးတို့ကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူတွေကို နားဟုတ်ကျေးရွာအုပ်စုထဲ (၇)ခန်းတွဲ ယာယီလူနေအဆောက်အအုံ (၅)လုံး၊ လုပ်ငန်းသုံး ပရိဘောဂတွေ၊ Star Link (၂)စုံ၊ ဖုန်း (၃၀)လုံးအပြင် ကွန်ပျူတာ (၅)လုံးနဲ့ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီက ကျားဖြန့်လုပ်ကိုင်ရာမှာ အသုံးပြုခဲ့တဲ့ အဆောက်အအုံတွေကို စက်ယန္တရားတွေနဲ့ ဖျက်ဆီးခဲ့တဲ့ ဓါတ်ပုံကိုလဲ ထုတ်ပြန်ထားပါတယ်။
နောက်ပြီး ဖမ်းဆီးရမိခဲ့သူတွေကို စစ်ဆေးဆောင်ရွက်နေပြီး တရားစွဲ အရေးယူနိုင်ဖို့နဲ့ သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်လည်လွှဲပြောင်းနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ပြောဆိုထားပါတယ်။
အခုလို တန့်ယန်းမြို့နယ်ထဲ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်တာကြောင့် ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသားတွေဟာ ဘယ်နိုင်ငံသားတွေ ဆိုတာကိုတော့ ထုတ်ပြန်ထားတာမရှိပါဘူး။
ဒါ့အပြင် စစ်ကောင်စီအနေနဲ့ နယ်စပ်ဒေသတွေက ကျားဖြန်းလုပ်ငန်းတွေကို တိုက်ဖျက်ဖို့ အိမ်နီးချင်းနိုင်ငံတွေအပါအဝင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုပြီးလဲ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
