ဧပြီလ (၁၇)ရက်။
၂၀၂၅ခုနှစ်ဟာ အပြီးသတ်အောင်ပွဲကို ယူဆောင်နိုင်မယ့်နှစ်ဖြစ်အောင် ကြိုးစားသွားဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့ နှစ်သစ်ကူးမိန့်ခွန်းမှာ တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။
“ ဒီ ၂၀၂၅ခုနှစ်ဟာ ကြီးမားတဲ့ တော်လှန်ရေးအလှည့်အပြောင်းဖြစ်လာစေမယ့်နှစ် ပြည်သူလူထုအတွက် တော်လှန်ရေး အပြီးသတ်အောင်ပွဲ အလင်းရောင်ကို ယူဆောင်သွားနိုင်မယ့်နှစ်ဖြစ်ဖို့ တော်လှန်ရေးအင်အားစုတွေအားလုံး ဆထက်တပိုး ကြိုးစားရမှာဖြစ်တယ်” လို့ ဆိုပါတယ်။
အခုအခါ နွေဦးတော်လှန်ရေးဟာ (၄)နှစ်ကျော်လွန်လာပြီဖြစ်ကာ တော်လှန်ရေးအချိန်ကာလ ကြာမြင့်လာတာနဲ့အတူ ပြည်သူတွေ ထိခိုက်ခံစားရတာတွေ ကြီးမားသလို တိုင်းပြည်လဲ နစ်နာခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။
ဒီကနေ့အချိန်မှာ စစ်ကောင်စီအနေနဲ့ မြန်မာစစ်သမိုင်းတလျှောက် အကြီးမားဆုံး ဆုံးရှုံးမှုတွေကို ရင်ဆိုင်ကြုံတွေ့နေရပြီး နိုင်ငံတဝန်းမှာ ထိန်းချုပ်နယ်မြေက (၄)ပုံ (၁)ပုံတောင် မရှိတော့ဘူးလို့ သူက ဆက်ပြောပါတယ်။
နောက်ပြီး တိုင်းပြည်နဲ့ ပြည်သူ့ဘဏ္ဍာတွေကို ဂုတ်သွေးစုပ်ပြီး ပြည်သူကို စစ်မက်ပြုနေတဲ့ စစ်အုပ်စုကို တိုက်ထုတ်နေတဲ့ တော်လှန်ရေးဖြစ်တာကြောင့် ခက်ခဲကြမ်းတမ်းတာတွေ အများကြီးရှိတယ်လို့လဲ အသိပေးထားပါတယ်။
ဒါ့ကြောင့် တတ်နိုင်သမျှ တော်လှန်ရေးကို အမြန်ဆုံး အောင်မြင်အောင်လုပ်ဆောင်ပြီး ပြည်သူလူထု ထမ်းထားရတဲ့ ဝန်ထုပ်ဝန်ပိုး ပပျောက်သွားအောင် ကြိုးစားရမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် တော်လှန်ရေး (၄)နှစ်ကျော်ကာလထဲ ဘေးဒုက္ခမျိုးစုံ အကြပ်အတည်းပေါင်းစုံကို ကြံ့ကြံ့ခံ ရင်ဆိုင်အံတုပြီး တော်လှန်ရေးကို အားပေးဝန်းရံခဲ့တဲ့ ပြည်သူလူထုရဲ့ ဇွဲသတ္တိကို အလေးအမြတ်ပြု ကျေးဇူးတင်ကြောင်း ယာယီသမ္မတက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
