ဧပြီလ (၁၉)ရက်။
မနေ့က ည (၈)နာရီခွဲကျော်အချိန်က နေပြည်တော်ရှိ စစ်ကောင်စီရဲ့ အေလာလေတပ်စခန်းကို (၁၀၇)မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မနေ့က ည (၈)နာရီ (၃၈)မိနစ်လောက် စစ်ရှုံးကောင်စီရဲ့ နေပြည်တော် အေလာလေတပ်စခန်းထဲကို (၁၀၇)မမ ရှော့တိုက်ဒုံး (၃)လုံးကို လုံခြုံရေးတင်းကြပ်တာ၊ ရာသီဥတုဆိုးရွားတာတွေကြားကနေ အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ပါတယ်” လို့ ဆိုပါတယ်။
အေလာလေတပ်စခန်းကို (၁၀၇)မမ ရှော့တိုက်ဒုံး (၃)လုံးနဲ့ ပစ်ခတ်ခဲ့ကာ ပစ်မှတ်ကို ထိမှန်ပေါက်ကွဲခဲ့ကာ စစ်ကောင်စီဘက်က ထိခိုက်တာအချို့ရှိတယ်လို့ ကနဦးသိရပေမယ့် အသေးစိတ်ကို အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေတယ်လို့ ဖော်ပြထားပါတယ်။
ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေးနဲ့ ပဲခူးတိုင်းရှိ ပြည်သူတွေ ဒုက္ခပင်လယ်ဝေနေချိန်မှာ စစ်ရှုံးစစ်ကောင်စီက နိုင်ငံအနှံ့က ပြည်သူတွေကို လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်နေကာ မတ်လ (၂၈)ရက်နောက်ပိုင်း လေကြောင်းတိုက်ခိုက်တာ ရာနဲ့ချီရှိပြီဖြစ်သလို ပြည်သူလဲ ရာနဲ့ချီ သေဆုံးခဲ့ပြီလို့ ရေးသားထားပါတယ်။
စစ်ရှုံးစစ်ကောင်စီဟာ ငလျင်ဒဏ်ကြောင့် ထိခိုက်တာအချို့ရှိခဲ့တဲ့ နေပြည်တော် အေလာလေဆိပ်ကို အပျက်အစီးတွေကြားကပဲ ပြည်သူတွေကို သတ်ဖြတ်ဖို့ ဆက်လက်အသုံးပြုနေသေးတဲ့အတွက် အခုလို တိုက်ခိုက်တာလို့ ပြောဆိုထားပါတယ်။
စစ်ရှုံးစစ်ကောင်စီရဲ့ နေပြည်တော် အေလာလေတပ်စခန်းကို BWM ရဲ့ ဦးဆောင်စီမံတာနဲ့ Black Leopard(ကျားသစ်နက်)အဖွဲ့က ရန်သူလေတပ်နှိမ်နင်းရေး နှစ်သစ်ကူးလက်ဆောင်အနေနဲ့ ဖော်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
