လားရှိုးမြို့ လွှဲပြောင်းပေးဖို့ တရုတ်အထူးကိုယ်စားလှယ်ကိုယ်တိုင် ကိုင်တွယ်နေ
ဧပြီလ (၁၉)ရက်။
လားရှိုးမြို့ကို စစ်ကောင်စီ ဝင်ရောက်လာချိန် လုံခြုံရေးယူပေးခဲ့တယ်ဆိုတဲ့အပေါ် “ ဝ” ပြည်နယ် ပြင်ပဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက ငြင်းဆိုထားတယ်လို့ သိရပါတယ်။
“ မိမိတို့ UWSA “ ဝ” တပ်ဖွဲ့အနေနဲ့ ဘယ်အဖွဲ့ကိုမှ လုံခြုံရေးယူပေးခဲ့တာမျိုး မရှိခဲ့ပါဘူး” ဆိုပြီး လားရှိုးမြို့ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာချိန် ကိုးကန့်တပ်နဲ့ UWSA တို့ လုံခြုံရေးယူပေးခဲ့တယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး ငြင်းဆိုထားတာပါ။
မနေ့ကစတင်ပြီး လားရှိုးမြို့ကို စစ်ကောင်စီယာဉ်တန်းတွေ ဝင်ရောက်လာချိန် ကိုးကန့်တပ်(MNDAA)နဲ့ “ ဝ” တပ်ဖွဲ့(UWSA)တို့က လုံခြုံရေးယူပေးခဲ့ရတယ်လို့ ဒေသထဲသတင်းတွေက ရေးသားထားကြပါတယ်။
ဧပြီလ (၁၇)ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်တို့အကြား ညှိနှိုင်းတာတွေ ပြုလုပ်ခဲ့ပြီးနောက် မနေ့က စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးပိုင်းအဖွဲ့တွေဟာ လားရှိုးမြို့ထဲ ဝင်ရောက်လာခဲ့တာလို့ သိရပါတယ်။
တရုတ်ရဲ့ ကြားဝင်စေ့စပ်တာနဲ့ စစ်ကောင်စီနဲ့ ကိုးကန့်တပ်တို့အကြား အပစ်ရပ်သဘောတူညီခဲ့ပြီးနောက် ကိုးကန့်တပ်ဟာ ဧပြီလ (၂၁)ရက်နေ့ နောက်ဆုံးထားပြီး လားရှိုးမြို့ကနေ ထွက်ခွာရမှာဖြစ်ပါတယ်။
အခုလို ကိုးကန့်တပ်ရဲ့ လက်ထဲကနေ လားရှိုးမြို့ကို စစ်ကောင်စီထံ လွှဲပြောင်းဖို့ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းကိုယ်တိုင် တာဝန်ယူဆောင်ရွက်ပေးနေတယ်လို့ သတင်းအရင်းအမြစ်တွေက ပြောဆိုထားပါတယ်။
လားရှိုးမြို့ကို တရုတ်အထူးကိုယ်စား ရောက်ရှိနေတာကြောင့်လဲ ကိုးကန့်တပ်(MNDAA)က လုံခြုံရေးတွေ အထူးကြပ်မတ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
