ဧပြီလ (၂၁)ရက်။
ထားဝယ်-ထီးခီးလမ်းပေါ်ရှိ စစ်ကောင်စီရဲ့ ထီးထာဗျူဟာစခန်းကို သိမ်းပိုက်နိုင်ခဲ့တဲ့အပေါ် ပူးပေါင်းပါဝင်ခဲ့တဲ့ တော်လှန်ရေးအင်အားစုတွေကို KNU မြိတ်-ထားဝယ်ခရိုင်က ဂုဏ်ပြုမှတ်တမ်းလွှာပေးပို့ခဲ့တယ်လို့ သိရပါတယ်။
ဧပြီလ (၁၂)ရက်နေ့ကနေ (၁၉)ရက်နေ့အထိ ထီးထာဗျူဟာစခန်းသိမ်းတိုက်ပွဲကာလထဲ KNLA တပ်မဟာ (၄)နဲ့အတူ စွမ်းစွမ်းတမံ တိုက်ပွဲဝင်ခဲ့တဲ့ မဟာမိတ် တော်လှန်ရေးအင်အားစုတွေကို အခုဂုဏ်ပြုမှတ်တမ်းလွှာနဲ့ အသိအမှတ်ပြုတယ်လို့ ဆိုပါတယ်။
ကမ်းရိုးတန်း တိုင်းစစ်ဗျူဟာ (၁)စခန်းကို အပြီးသတ်သိမ်းပိုက်ခဲ့တဲ့ (၈)ရက်တာတိုက်ပွဲထဲ KNLA တပ်မဟာ(၄) ဌာနချုပ်တပ်ဖွဲ့တွေ၊ တပ်ရင်း (၁၀၊၁၁၊၂၀၃)၊ KNDO တပ်ရင်း(၇)၊ KNU မြတ်-ထားဝယ်ခရိုင် သစ်တောဌာန၊ PDF ထားဝယ်ခရိုင် တပ်ရင်း(၁/၂)၊ FFD၊ KDSF၊ Dragon Square UAV၊ ဘုတ်ပြင်းမြို့နယ် CDM ရဲတပ်ဖွဲ့၊ TPLF၊ KNPF၊ Sky Ghost Drone Force၊ ကျေးရွာလုံခြုံရေးအဖွဲ့တွေ၊ ကဆယ်ဒိုမြို့နယ်ခေါင်းဆောင်နဲ့ အဖွဲ့သားတွေ၊ နယ်မြေဒေသခံတွေ၊ KWO နဲ့ KYO တို့ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့အတွက် ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ပြီး လူ့အဖွဲ့အစည်းကို ပြန်တည်ဆောက်လို့တဲ့ လူငယ် ရဲဘော်ရဲဘက်တွေရဲ့ ပေးဆပ်တာတွေကို လေးစားစွာ မှတ်တမ်းတင်တယ်လို့ ရေးသားထားပါတယ်။
အခုလို အောင်ပွဲရရှိဖို့ နည်းပညာအား၊ ဘဏ္ဍာငွေအားနဲ့ ကူညီပံ့ပိုးသူတွေ၊ ဝိုင်းဝန်းဆုတောင်းမေတ္တာပို့သပြီး စိတ်ဓါတ်ခွန်အား ပံ့ပိုးပေးကြတဲ့ ပြည်သူတွေကို ကျေးဇူတင် ဂုဏ်ပြုတယ်လို့လဲ ပြောဆိုထားပါတယ်။
ထီးထာဗျူဟာစခန်းသိမ်းတိုက်ပွဲထဲ တော်လှန်ရေးအင်အားစုဘက်ကလဲ ထိခိုက်ကျဆုံးတာရှိခဲ့ပြီး စစ်ကောင်စီထံက လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့သလို အရှင်ဖမ်းမိခဲ့တဲ့ စစ်သုံ့ပန်းတွေလဲရှိကာ အသေးစိတ်ကိုတော့ ထုတ်ပြန်ထားတာမရှိသေးဘူးလို့ သိရပါတယ်။

