မေလ (၁၉)ရက်။
အမေရိကန်-တရုတ် နှစ်နိုင်ငံလုံးနဲ့ အကောင်းဆုံး ထိတွေ့ဆက်ဆံသွားဖို့ရှိတယ်လို့ စစ်ခေါင်းဆောင်က ရုရှားနိုင်ငံ RT သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ပြောဆိုခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒကတော့ လွတ်လပ်ပြီး တက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးနေတာပေါ့၊ နိုင်ငံအားလုံးနဲ့ မိတ်ဝတ်မပျက် ဆက်ဆံရေးကျင့်သုံးတဲ့ နိုင်ငံဖြစ်ပါတယ်” လို့ ဆိုပါတယ်။
အမေရိကန်နဲ့ မြန်မာနိုင်ငံဟာ မိတ်ဆွေနိုင်ငံတခုဖြစ်ပေမယ့် တရုတ်နိုင်ငံဟာ အိမ်နီးချင်းနိုင်ငံထဲမှာလဲဖြစ်သလို အိမ်နီးချင်းနိုင်ငံထဲမှာ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံတွေဖြစ်တယ်လို့ သူက ပြောဆိုထားပါတယ်။
နောက်ပြီး တရုတ်နဲ့ ဆွေမျိုးပေါက်ဖော်နိုင်ငံဖြစ်ကာ အခြားနိုင်ငံတွေထက် ပိုထူးခြားတဲ့ ဆက်ဆံရေးရှိတဲ့ နိုင်ငံတခုဖြစ်တယ်လို့ ထည့်သွင်းပြောဆိုထားပါတယ်။
ဒါ့အပြင် RT သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းချိန် နိုင်ငံထဲ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ အကြီးအကျယ် အထိနာစစ်ရှုံးနေတဲ့ စစ်ခေါင်းဆောင်က နိုင်ငံတကာအရေးနဲ့ပတ်သက်ပြီး ဝေဖန်သုံးသပ်တာတွေ ပြုလုပ်ခဲ့ပါသေးတယ်။
စစ်ခေါင်းဆောင်က ကမ္ဘာကြီးကို တယောက်ထဲက ကိုင်ပြီး လုပ်နေတာမျိုးက မဖြစ်သင့်ဘဲ Multipolar စနစ်ကို သွားဖို့နဲ့ ကမ္ဘာကြီးမှာ ရှိနေတဲ့ အကြောင်းခြင်းရာတွေကို မျှဝေခံစားတာက အကောင်းဆုံးဆိုပြီး ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
