ဇွန်လ (၁)ရက်။
မနေ့က စစ်ကိုင်းမြို့ရှိ စစ်ကောင်စီရဲ့ တပ်မ(၃၃)ဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ထဲ ထိခိုက်သေဆုံးတာတွေ ရှိခဲတယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ စစ်ရှုံးကောင်စီရဲ့ အမှတ်(၃၃) ခြေမြန်တပ်မဌာနချုပ်ကို ရှော့တိုက်ဒုံး (၃)လုံး အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ပါတယ်။ အဲ့ဒီမှာ ဗဟိုကင်း မီးလောင်တယ်။ တပ်သုံး ကား(၂)စီး ပျက်စီးတယ်။ လိုင်းခန်းတခန်း ထိမှန်ပျက်စီးတယ်လို့ ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေကနေ သိရတယ်” လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်တာထဲ စစ်ကောင်စီရဲ့ ဗဟိုကင်း မီးလောင်ပျက်စီးကာ တပ်သုံး ကား (၂)စီးနဲ့ လိုင်းခန်းတခန်း ထိမှန်ပျက်စီးခဲ့သလို စစ်ကောင်စီတပ်သား (၆)ဦးနဲ့ တပ်ထဲ အချုပ်သား (၂)ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
နောက်ပြီး စစ်ကောင်စီဘက်က မော်တော်ယာဉ်မှူးနဲ့ စစ်သား (၃)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ လိုင်းခန်း ထိမှန်ခဲ့တဲ့အထဲ ရဲမေ (၃)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် တပ်မ(၃၃)ဌာနချုပ်ကို လာမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ထိပ်ပိုင်းခေါင်းဆောင် ရောက်၊ မရောက်နဲ့ ထိခိုက်တာ ရှိ၊ မရှိကိုတော့ စုံစမ်းမရဘူးလို့ ရေးသားထားပါတယ်။
စစ်ကောင်စီရဲ့ တပ်မ(၃၃)ဌာနချုပ်ကို BWM နဲ့ မဟာမိတ်တွေဖြစ်တဲ့ Shadow(စစ်ကိုင်း)၊ No More Dictatorship-NMD နဲ့ စစ်ကိုင်းမြို့ပြပြောက်ကျား(infinity)အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
