ဇွန်လ (၂၄)ရက်။
ဇွန်လ (၂၁)ရက်နေ့က တအာင်းပြည်တနေရာမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA)ရဲ့ အပတ်စဉ် (၆) စစ်သင်တန်းဆင်းပွဲအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီစစ်သင်တန်းထဲ ဓနုဒေသထဲရှိ ပြည်သူတွေကို ကာကွယ်နိုင်ဖို့၊ ရန်သူကို အမြဲသတိထားတတ်စေဖို့နဲ့ တိုက်ခိုက်ရေးကျွမ်းကျင်မှုရှိစေဖို့တို့ကို အဓိကထားပြီး (၃)လကျော်ကြာ စစ်သင်တန်းပေးခဲ့တယ်လို့ ဆိုပါတယ်။
DPLF/DPLA ရဲ့ စစ်သင်တန်းဆင်းပွဲမှာ လက်နက်တပ်ဆင်တဲ့ အခမ်းအနားကို ကျင်းပခဲ့ကာ သင်တန်းသားဦးရေ ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ အသေးစိတ် ပြောဆိုထားတာမရှိပါဘူး။
အခမ်းအနားမှာ DPLF/DPLA ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က ဓနုဒေသထဲရှိ ပြည်သူလူထုကို သစ္စာရှိရှိနဲ့ ကာကွယ်သွားဖို့အပါအဝင် အမိန့်နာခံတတ်ဖို့နဲ့ စိတ်ဓါတ်မကျဘဲ စစ်အာဏာရှင်ကို တိုက်ထုတ်ဖို့ ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုလို DPLF/DPLA ရဲ့ စစ်သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်တဲ့အခမ်းအနား ပြုလုပ်ခဲ့တဲ့အပေါ် TNLA ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က ဂုဏ်ယူတယ်လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ပြောဆိုထားပါတယ်။
ဒါ့အပြင် အခုလဆန်းပိုင်းတုန်းကလဲ တအာင်းပြည်တနေရာမှာ BPLA ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၉) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပြီး NUG နဲ့ TNLA အပါအဝင် မဟာမိတ်ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


